နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်း ၃၇၈ မှ တပ်ကြပ်ကြီး မြင့်အေးက ကျောင်းဆရာ တစ်ဦးကို ရိုက်နှက်၍ စာချုပ်တွင် လက်မှတ်ထိုးခိုင်း




RB News
30.6.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် တပ်ရင်း ၃၇၈ မှ တပ်ကြပ်ကြီး မြင့်အေးသည် ကျောင်းဆရာ တစ်ဦးကို ရိုက်နှက်၍ စာချုပ် တစ်စောင်တွင် လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇွန်လ (၂၂) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်း ကျေးရွာ အခြေစိုက် တပ်ရင်း ၃၇၈ မှ တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါနှင့် ၎င်း၏ တပည့်ဖြစ်သူ ဦးမာမတ်တာရစ် (ဘ) ဦးအဒူဟာမိတ် တို့သည် တပ်မင်းချောင်း ကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းဆရာ ဖြစ်သူ ဦးမိုဟာမတ်နူရ် (ဘ) ဦးမိုဟာမတ်အီနုစ် (အသက် ၃၅ နှစ်) ကို မူလတန်းလွန် ကျောင်းရှေ့မှ ဖမ်းဆီး၍ ကျောက်ဖြူတောင် ကျေးရွာရှိ ဦးဘော်ရှော်ရ်၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါက စာကြမ်း တစ်စောင်ကို အခွန် တံဆိပ်ခေါင်းပါ စာချုပ် တစ်စောင် ပေါ်တွင် ကူးရေးရန် ကျောင်းဆရာ ဦးမိုဟာမတ်နူရ်ကို ခိုင်းရာ၊ ကျောင်းဆရာက ငြင်းဆိုသဖြင့် လက်သီးဖြင့်ထိုး၊ ခြေဖြင့်ကန်ကျောက်ကာ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်သဖြင့် နောက်ဆုံးတွင် စာချုပ်ပေါ်တွင် ကူးရေးပေးပြီး လက်မှတ် ရေးထိုးပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တပ်ကြပ်ကြီး မြင့်အေး (ခ) ဘန်ဂါသည် စာချုပ်အတွက် စာကြမ်းတွင် ကျောင်းဆရာ ဦးမိုဟာမတ်နူရ်က ငွေကျပ် ၆၅ သိန်းခန့် တန်ဖိုးရှိ ရွှေနှင့် ငွေသားများကို ဇူလိုင်လ (၁) ရက်နေ့တွင် ပေးပါမည်ဟု ရေးသားထားခဲ့ပြီး၊ ကျောင်းဆရာ ဦးမိုဟာမတ်နူရ်က တပ်ကြပ်ကြီး မြင့်အေး၏ ညှဉ်းပန်း နှိပ်စက်မှုကြောင့် စာချောကူးပေးခဲ့ရပြီး၊ အဆိုပါ ငွေသား၊ ရွှေများကို ပေးပါမည်ဟု လက်မှတ်ထိုး ပေးခဲ့ရသည်။

ကျောင်းဆရာ ဦးမိုဟာမတ်နူရ်သည် ၂၀၀၄ ခုနှစ်က လက်ထပ်ခဲ့ပြီး၊ အိမ်ထောင်နှင့် နှစ်ရှည်လများ ကွဲနေသူတစ်ဦး ဖြစ်သည်။ ထိုလူမှုရေး ကိစ္စကို တပ်ကြပ်ကြီး မြင့်အေးနှင့် တပည့် ဖြစ်သူ ဦးမာမတ်တာရစ် တို့က သိရှိသွားပြီး၊ ဦးမိုဟာမတ်နူရ်၏ ဇနီးက တိုင်ကြားသယောင် လုပ်ကြံမှုများ ဖန်တီးကာ ရိုက်နှက် နှိပ်စက်၍ စာချုပ်ပေါ်တွင် လက်မှတ်ထိုးခိုင်း၍ အတင်း အဓမ္မ ငွေညှစ်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus