နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး တို့က ဒေသခံများထံမှ ငွေညှစ်




RB News
3.6.2014

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် တပ်ရင်း (၅၃၅) မှ ဗိုလ်ကြီး တစ်ဦးတို့က ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၃၁) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) မှ ဒုရဲအုပ် လင်းဇော်လှသည် အိမ်ဆောက်ရန် သစ်များ သယ်ဆောင် လာသည့် ဇီးပင်ချောင်း ကျေးရွာ အုပ်စု အလယ်ရွာမှ ဦးဟိုက်ရုဘော်ရှော်ရ် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၃၂ နှစ်) ကို လမ်းခုလတ်မှ တား၍ ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ ဦးဟိုက်ရုဘော်ရှော်ရ်သည် အိမ်ဆောက်ရန် မြို့နယ် အုပ်ချုပ်ရေးရုံးမှ တရားဝင် ခွင့်ပြုချက် ရရှိထားပြီး၊ နေအိမ်အတွက် သစ်များ သယ်ဆောင် လာစဉ် လမ်းခုလတ်တွင် ဒုရဲအုပ် လင်းဇော်လှက လမ်းခွန် ပေးရမည်ဟု ဆိုကာ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ လမ်းခွန် ပေးရန် မလိုအပ်သော်လည်း အာဏာ အလွဲသုံးစား ပြုလုပ်၍ ငွေညှစ်သည့် ဒုရဲအုပ် လင်းဇော်လှက “ဒီလမ်းကို မင်းတို့ ဖောက်တာ မဟုတ်ဘူး။ အဲဒီအတွက် ငါ့ကို လမ်းခွန် ပေးရမယ်” ဟု ပြောကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ဒုရဲအုပ် လင်းဇော်လှသည် မေလ (၃၁) ရက်နေ့တွင်ပင် အောင်စစ်ပြင် ကျေးရွာ အုပ်စု ကြက်ကျိန်းရွာမှ အာနီဆုလ်မုစ်တာဖာ (ဘ) ဦးကာလာမျာ (အသက် ၂၂ နှစ်) ထံမှလည်း ငွေကျပ် ၃ သောင်း ညှစ်ယူခဲ့သည်။ အာနီဆုလ် မုစ်တာဖာသည် ၀ါးများကို ၀ါးရောင်းခွင့် ကိုယ်စားလှယ် ရထားသူများထံမှ ၀ယ်ယူ၍ ကားဖြင့် သယ်ဆောင်ပြီး ကျေးရွာများတွင် သွားရောက်၍ ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ဒုရဲအုပ် လင်းဇော်လှက ၀ါးများကို ကားပေါ်တင်၍ ရောင်းချခွင့် မရှိဟု ယုတ္တိ မရှိသည့် စကားပြော၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မေလ (၂၃) ရက်နေ့တွင် တပ်ရင်း (၅၃၅) မှ ဗိုလ်ကြီး ဇာနည်အောင်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာအုပ်စု ချောင်းကုလားရွာမှ ဦးအလီဂျိုဟာရ် (ဘ) ဦးအိုဘိုင်ဒူလ်ဟောက် (အသက် ၄၈ နှစ်) ကို ခြံအတွင်းမှ အမှိုက်များ မီးရှို့သည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus