နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP ဒုကွပ်ကဲရေးမှူးက လူဦးရေ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်



Rohingya Eye
RB News
20.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ လ၀က် ပုံမှန် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူးက လူဦးရေ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၁၆) ရက်နေ့က မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ပြုလုပ်သော ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၏ လ၀က် ပုံမှန် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒု-ကွပ်ကဲရေးမှူးက ယခု စစ်ဆေး နေသည့် လူဦးရေ စစ်ဆေးမှုတွင် အစစ်ဆေးမခံပါက ကျေးရွာ၊ ရပ်ကွက်များမှ ထိပ်ပိုင်း ရပ်မိ ရပ်ဖ များကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ စစ်ဆေးမခံရန် လှုံ့ဆော်သူများကို ဖမ်းဆီးမည် ဖြစ်ကြောင်း၊ အားလုံးကို ဖမ်းဆီးမည် ဆိုပါက ထားရန် နေရာ မရှိသည့် အပြင် နေ့စဉ် ကျွေးမွေးရန်လည်း မလွယ်ကူကြောင်း၊ ထို့ကြောင့် မဖမ်းဆီးဘဲ သွားလာရေးနှင့် ကုန်သွယ်ရေး များကို ကန့်သတ်ကာ အပြစ်ပေး သွားမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဇူလိုင်လ (၁၇) ရက်နေ့တွင် မောင်တော မြို့နယ် မြို့မကညင်တန်း ကျေးရွာ၊ မောင်နီ ကျေးရွာ တို့မှ ထွက်ခွာသည့် ငါးဖမ်း စက်လှေများကို ငါးဖမ်းထွက်ခွင့် ပိတ်ပင်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ပိတ်ပင် ရခြင်းမှာ အဆိုပါ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများက အစစ်ဆေး မခံခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရှိရပါသည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင်လည်း မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း လက်အောက်ခံ ကျေးရွာ (၁၀) ရွာမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ (၅) ဦးစီကို ဆင့်ခေါ်၍ အစည်းအဝေး ပြုလုပ်ပြီး ကင်းစခန်း တာဝန်ခံက လူဦးရေ စစ်ဆေးမှုကို စစ်ဆေး မခံပါက အခြေအနေ ပိုမိုဆိုးရွား လာမည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

လူဦးရေ စစ်ဆေးခြင်းဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် စာရင်း ကောက်ခံရာတွင် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများ စာရင်းဟု ကောက်ခံနေသည့် အတွက် ဒေသခံ ရိုဟင်ဂျာများက ပါဝင် စစ်ဆေးခံရန် ငြင်းဆန်နေခြင်း ဖြစ်ပြီး၊ မောင်တောမြို့နယ် အတွင်းတွင် သြဂုတ်လ (၂၁) ရက်မှ စ၍ ဒုတိယ အကြိမ် စစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရှိရပါသည်။ ဒေသခံများ အနေဖြင့် တရားမ၀င် ခိုးဝင်လာသည့် ဘင်္ဂလီများဟု စာရင်း ရေးသွင်းမည် ဆိုပါက မည်သည့်အခါတွင်မှ ပါဝင် စစ်ဆေးခံမှာ မဟုတ်ကြောင်း RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus