နောက်ဆုံးသတင်း/ဆောင်းပါးများ

လူဦးရေ စစ်ဆေးမှုကို အကြောင်းပြ၍ BGP များက ဒေသခံများကို သေနတ်ဖြင့် ရိုက်နှက်



Rohingya Eye
RB News
26.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာ အချို့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူဦးရေ စစ်ဆေးခြင်းကို အကြောင်းပြ၍ ဒေသခံများကို သေနတ်ဖြင့် ရိုက်နှက်ခြင်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း လေ၀န်းချောင်း (ရာမောခါလီ) ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေ (၃) မှ တပ်ဖွဲ့ဝင်များ၊ လ.၀.က များနှင့် အတူ စစ်သားများသည် ကျေးရွာ အတွင်းသို့ လူဦးရေ စာရင်း ကောက်ခံရန် ဟူ၍ အကြောင်းပြချက်ဖြင့် ၀င်ရောက်လာပြီး စစ်သားများက ရွာကို ၀န်းရံပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သေနတ် (၂၄) ချက်ကို မိုးပေါ်ထောင် ပစ်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို အထိတ်တလန့် ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူဦးရေ စစ်ဆေးနေစဉ် အသက် ၄၀ အရွယ်၊ သားသမီး ၆ ဦး၏ မိခင် ဒေါ်ဒိလ်ဘာဟရ် (ဘ) ဦးဆူလေမန်ကို လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဘယ်ဘက်လက်မောင်း ကျိုးသွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အလားတူ ဗလီထဲတွင် တရားထိုင် (အေသေကာဖ်) နေသူ ဦးဆွေတာလမ် (ဘ) ဦးဟာဘီဇူရာမန် (အသက် ၅၅ နှစ်) အား စစ်ဆေးခံရန် ခေါ်သည့်အခါ ၎င်းက တရားထိုင်နေသဖြင့် အပြင်သို့ ထွက်၍ မရကြောင်း ရှင်းပြသော်လည်း လူမဆန်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဗလီထဲမှ အတင်းဆွဲခေါ်ပြီး၊ ကိုယ်ထိ လက်ရောက် စော်ကားကာ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အလားတူ ဇူလိုင်လ (၂၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လိပ်ရ (စီးညှိဖာရာ) ကျေးရွာတွင်လည်း မော်လ၀ီ ဟာရှိမ်း (ဘ) ဦးဘာဆာမျာ (အသက် ၅၀ နှစ်) အား သေနတ်ဖြင့် ခြိမ်းခြောက်ပြီး အတင်းဓမ္မ စစ်ဆေးခဲ့သည်။

လူဦးရေ စာရင်း စစ်ဆေးသည်ဟု ခေါင်းစဉ် တပ်ထားသော်လည်း ပွင့်လင်း မြင်သာမှု မရှိဘဲ၊ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများ စာရင်းဟု ယုတ်မာစွာ ဖြည့်စွက် နေသည့် အပြင် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေခြင်းသည် ဒေသခံ ရိုဟင်ဂျာများကို တစ်ဖက်နိုင်ငံသို့ ထွက်ပြေး သွားအောင် တွန်းပို့ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

Comment ရေးရန်

Rohingya Exodus