နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Hague ရာထူးက နုတ်ထွက်မည်



ဗွီအိုအေမြန်မာပိုင်း
15.7.2014

ဗြိတိန်ရဲ့ ထိပ်တန်း သံတမန် ရာထူးမှာ လေးနှစ် တာဝန် ထမ်းဆောင် ခဲ့ပြီးတဲ့နောက် အဲဒီ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိတ်ဂ် (William Hague) က တနင်္လာနေ့က ပြောပါတယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ်ဒေးဗစ် ကမ်မရွမ်းရဲ့ အစိုးရအဖွဲ့မှာ ကြီးမားတဲ့ အပြောင်း အလဲတွေ ဖော်ဆောင်မှုရဲ့ တစိတ် တပိုင်းလို့ ရှုမြင်ကြပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Hague က သူ့ရဲ့ တွစ်တာ အကောင့်မှာ သူ့အနေနဲ့ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်တဲ့ အကြောင်း နောက်နှစ် မေလမှာ ကျင်းပဖို့ရှိတဲ့ အထွေထွေ ရွေးကောက်ပွဲကြီးမှာ သူ့အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ရေးသားထား ပါတယ်။ သူ့နေရာမှာ လက်ရှိ ကာကွယ်ရေး ဝန်ကြီး ဖိလစ် ဟာမန် (Philip Hammond) ကို နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အစားထိုး ခန့်အပ်ဖွယ် ရှိကြောင်း ဗြိတိသျှ သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြ ကြပါတယ်။

Conservative ပါတီခေါင်းဆောင် ဝန်ကြီးချုပ် David Cameron အနေနဲ့ အထွေထွေ ရွေးကောက်ပွဲကြီး မတိုင်မီ ထိပ်တန်း အစိုးရ ရာထူးတွေမှာ နောက်ဆုံး အပြောင်းအလဲ ခန့်အပ်မှုတွေ ပြုလုပ် နေတာ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ အင်္ဂါနေ့မှာတော့ မစ္စတာ ကင်မရွန်း အနေနဲ့ ခန့်အပ်မှု အသစ်တွေကို ကြေညာ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူထု သဘောထား အမြင် ကောက်ခံချက်တွေမှာ အတိုက်အခံ လေဘာ ပါတီနောက်က သူ့ပါတီ အနေနဲ့ ၇% အမှတ်ကွာနဲ့ လိုက်နေတာကြောင့် မစ္စတာ ကင်မရွန်းအနေနဲ့ ကျား-မ မညီမျှမှု ရှိနေတာကို ပြုပြင်တဲ့ အနေနဲ့ အသက်ကြီးတဲ့ အမျိုးသား အတော်များများကို ရာထူးကနေ ထုတ်ပယ်ပစ်ပြီး ထိပ်တန်း ရာထူးတွေမှာ အမျိုးသမီးတွေကို တိုးခန့်အပ် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မစ္စတာ ဟိတ်ဂ်က သူ့အနေနဲ့ အောက်လွှတ်တော်မှာ ခေါင်းဆောင် အဖြစ်သာ တာဝန် ထမ်းဆောင် သွားမယ်လို့ ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus