နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP တပ်ဖွဲ့ဝင် များက စစ်ဆေးရေး ဂိတ်တွင် ငွေညှစ်၊ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်



MYARF
RB News
21.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရာ ကျေးရွာ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ခရီးသွားများ ထံမှ ငွေညှစ်ခြင်း၊ အမျိုးသမီး များကို စစ်ဆေးမည်ဟု ဆိုကာ မဖွယ်မရာ ပြုလုပ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာမှ မောင်တောမြို့သို့ သွားနေသည့် အားမာန်သစ် ကားဖြင့် သ၀န်ချောင်း ကျေးရွာ ဥက္ကဌဟောင်း ဦးဂျဟာန်ဂိရ်၏ ဇနီး ဖြစ်သူသည် ပန်းတောပြင် ကျေးရွာရှိ မိဘများ အိမ်သို့ အလည်အပတ်၊ ဂေါ်ဒူသာရ တံတား ကင်းစခန်းသို့ အရောက်တွင် ကားပေါ်တွင် ပါလာသည့် ခရီးသည်များကို စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုတပ်ရင်းမှူး တစ်ဦး ထွက်လာပြီး “ငါတို့က န.စ.က မဟုတ်ဘူးနော်၊ ငါတို့ ဒီဒေသကို လာတာ ရခိုင် တိုင်းရင်းသား တွေနဲ့ ပူးပေါင်းပြီး ဘင်္ဂလီ ကုလား တွေကို မျိုးဖြုတ်၊ နှင်ထုတ်ဖို့ ဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့နောက် သေနတ် တစ်ချက် မိုးပေါ်ထောင် ပစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ဦးဂျဟာန်ဂိရ်၏ ဇနီးဖြစ်သူကို မသင်္ကာသည်ဟု ဆိုကာ စခန်းတွင်းသို့ ခေါ်သွင်းပြီး စစ်ဆေးစဉ်၊ ယာဉ်မောင်း ဖြစ်သူက မိမိနှင့် ဆွေမျိုးတော်စပ်သူ ဖြစ်ကြောင်း ၀င်ရောက် ပြောဆိုသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ငွေကျပ် နှစ်သောင်း ပေးမှသာ သွားခွင့်ပေးမည်ဟု ပြောကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။

အဆိုပါ စခန်းထဲတွင် အခြားသော ကားများဖြင့် ပါလာသည့် ရိုဟင်ဂျာ အမျိုးသမီး ၄ ဦးကိုလည်း စစ်ဆေးရန် ဟုဆိုကာ ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။ အမျိုးသမီးများကို စစ်ဆေးရာတွင် မဖွယ်မရာ ပြုလုပ်၍ ပြောဆို ဆက်ဆံ နေကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောပါသည်။ ယခင်က ရိုဟင်ဂျာ ခရီးသည်များ ကဒ်ပြား ပါမလာပါက ငွေကျပ် ၅၀၀ သာညှစ်လေ့ ရှိသော်လည်း ယခုအခါ ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ထိ ညှစ်ယူလျက် ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus