နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်မတော် စစ်ကြောင်းမှ ရိုဟင်ဂျာ (၃) ဦးကို ရိုက်နှက်၍ ငွေကျပ် သိန်း ၂၀ နီးပါး မတရားယူ



Rohingya Eye
RB News
16.8.2014

မောင်တော ။ ။ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ကမ်းခြေတွင် ကင်းလှည့်နေသည့် တပ်မတော် စစ်ကြောင်းက ဒေသခံ ရိုဟင်ဂျာ (၃) ဦးထံမှ ငွေကျပ် ၁၉ သိန်း ငါးသောင်းကို မတရား သဖြင့် ရယူသည့် အပြင် အဆိုပါ ဒေသခံ (၃) ဦးကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ် (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာမှ ဒေသခံ ရိုဟင်ဂျာ (၃) ဦးသည် အလယ်သံကျော် ကမ်းခြေမှ ငါးဖမ်း၍ ပြန်လာစဉ် ကင်းလှည့်နေသည့် (၁၇) ဦးပါ တပ်မတော် စစ်ကြောင်းအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး၍ ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး၊ ၎င်းတို့ (၃) ဦးထံတွင် ပါလာသည့် ငွေကျပ် (၁၈) သိန်းကို သိမ်းယူခဲ့သည်။ ထို့အပြင် သြဂုတ်လ (၁၂) ရက်နေ့ ညတစ်ညလုံး လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မဒီနာရွာမှ ရာအိမ်မှူးများ သွားရောက်၍ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခဲ့ရာ၊ အဆိုပါ စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့အနေဖြင့် ငွေကျပ် တစ်သိန်း ငါးသောင်း ရမှသာ ပြန်လည် လွှတ်ပေးနိုင်မည်ဟု ပြောကြားခဲ့သည်။ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၃) ဦးက ငွေကျပ် (၁၈) သိန်းမှ ငွေကျပ် တစ်သိန်း ငါးသောင်းယူပြီး ကျန်ငွေများကို ပေး၍ ပြန်လွှတ်ပေးရန် ပြောသည့် အခါ စစ်ကြောင်း တာဝန်ခံ ဗိုလ်ကြီးက ထပ်မံ၍ ရိုက်နှက် နှိပ်စက်ခဲ့သည်။ ထို့အပြင် တာဝန်ခံ ဗိုလ်ကြီးက ၎င်းတို့ အနေဖြင့် ငွေကျပ် (၁၈) သိန်းနှင့် ပတ်သက်၍ မသိကြောင်း၊ မိမိတို့ မယူကြောင်း၊ လိမ်ညာပြောကြားပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ၍ ရမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရသည့် အပြစ်မဲ့ (၃) ဦးမှာ ငါး အရောင်းအ၀ယ်ဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်ပြီး၊ ငွေကျပ် (၁၈) သိန်း မတရားသဖြင့် သိမ်းဆည်း ခံရသောကြောင့် ၎င်းတို့၏ အရင်းအနှီးများ ဆုံးရှုံးသွားပြီး၊ လုပ်ကိုင် စားသောက်ရန်ပင် ခက်ခဲလျက် ရှိကြောင်း အဆိုပါ ဒေသခံက RB News သို့ပြောပါသည်။

ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေကျပ် ၁၉ သိန်း ငါးသောင်း ဆုံးရှုံးခံရသူ (၃) ဦးမှာ ---

(၁) ဦးဟာဖ်ဇူရာမန် (ဘ) ဦးဆာဒန်မျာ (အသက် ၂၈ နှစ်)
(၂) ဦးမိုဟာမတ်ဟူဆောင်း (ဘ) ဦးမိုဟာမတ်အီဆာခ် (အသက် ၃၃ နှစ်)
(၃) ဦးဂူလာမ်ရှရီဖ်၏ သား (အသက် ၁၈ နှစ်) -- တို့ဖြစ်သည်။

၎င်းတို့ (၃) ဦးထံမှ ငွေကျပ် (၁၈) သိန်းကို သြဂုတ်လ (၁၂) ရက်နေ့ ည (၈) နာရီခန့် အချိန်တွင် ကင်းလှည့်နေသည့် စစ်ကြောင်းမှ သိမ်းယူခဲ့ပြီး၊ သြဂုတ် (၁၃) ရက်နေ့ နံနက် (၁၀) နာရီ အချိန်တွင် ငွေကျပ် တစ်သိန်း ငါးသောင်း ထပ်မံ ယူ၍ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ရွာတွင် အခြေစိုက်သည့် စစ်တပ်မှ မဟုတ်ဘဲ၊ ကမ်းခြေတွင် ကင်းလှည့်လေ့ ရှိသည့် စစ်ကြောင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။

Comment ရေးရန်

Rohingya Exodus