နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် ဒုက္ခသည်တွေ လူသားချင်း စာနာမှု အကူအညီ လိုအပ်နေ



ကိုမိုးဇော်
19.8.2014

ရခိုင်ပြည်နယ် အတွင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီ ပေးနေတဲ့ နိုင်ငံတကာ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ ၀င်ရောက် ကူညီရေးကို ပြည်နယ် အစိုးရက ခွင့်ပြု ခဲ့ပေမဲ့ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် လုပ်ငန်း လည်ပတ်မှု ပြန်လည် မစတင်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒုက္ခသည် စခန်း တချို့မှာတော့ ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ ရင်ဆိုင်နေ ရပါတယ်။

ဒီကနေ့ ကျရောက် နိုင်ငံတကာ လူသားချင်းစာနာမှု အထိမ်း အမှတ်နေ့မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက် နေတဲ့ အခြေ အနေတွေကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်း ပေးပို့ ထားပါတယ်။

၂၀၁၁ ခုနှစ်က စတင်လို့ မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်တာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အိုးအိမ် စွန့်ခွာနေရသူ ၂ သိန်း ၄ သောင်းရှိပြီး ၈ သောင်းကျော်ဟာ လူသားချင်း စာနာမှု ဆိုင်ရာ အထောက် အပံ့တွေ လိုအပ်နေကြောင်း ဒီကနေ့ကျရောက် နိုင်ငံတကာ လူသားချင်း စာနာမှု အထိမ်း အမှတ်နေ့မှာ ကုလသမဂ္ဂက သတင်း ထုတ်ပြန် ထားပါတယ်။ ရခိုင်ပြည်နယ် အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဒုချီးရာတန်းနဲ့ စစ်တွေ ပဋိပက္ခတွေကြောင့် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့တွေဟာ လုံခြုံရေး အခြေအနေ အရ ရခိုင်ပြည်နယ်က ထွက်ခွာ ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ နိုင်ငံတကာ ကူညီ ထောက်ပံ့ရေး အဖွဲ့တွေကို ရခိုင်ပြည်နယ် အတွင်း လုပ်ငန်း ပြန်လည် ဆောင်ရွက် ခွင့်ပေး ခဲ့ပေမဲ့ အဖွဲ့အစည်း တချို့က လုပ်ငန်း ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒီလို မဆောင်ရွက် နိုင်တာဟာ ဒေသခံ ပြည်သူ တချို့က ကန့်ကွက် နေတာကြောင့် ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရရဲ့ သတင်းနဲ့ မှတ်တမ်း စုဆောင်းရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ လက်ရှိ အနေအထား မှာတော့ ကျနော်တို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က MSF ကို လုပ်မယ် ဆိုလို့ရှိရင်တော့ ဒါ လုပ်ပါ ပေါ့နော် ကမ်းလှမ်းတဲ့ အခါမှာ အနီးစပ်ဆုံး ကတော့ စစ်တွေပေါ့ဗျာ အဲဒီမှာရှိတဲ့ မြို့မိမြို့ဖတွေ၊ ပြည်သူ လူထုတွေ ကတော့ ဒါ ကျနော်တို့ အစိုးရ အဖွဲ့ကို တခါ ပြန်ပြီးတော့ ---- ပတ်သက်ပြီးတော့ ကန့်ကွက်တယ် ပေါ့နော်။ အဲ သူတို့ကတော့ ဒီ MSF ကို သူတို့ လက်မခံဘူး ပေါ့နော်။ နောက် Malteser လက်မခံဘူး။ ဒေသပြည်သူ လူထုတွေရဲ့ သဘောထားက လက်မခံဘူးပဲ ရှိတယ် ပေါ့နော်။ ကန့်ကွက် ကြတဲ့ဟာကို ၀န်ကြီးချုပ် ဦးဆောင်ပြီးတော့ ပြေလည်အောင် ဖြေရှင်း ပေးနေတာ လေးတွေ ရှိပါတယ်။”

စစ်တွေ ရပ်မိရပ်ဖ အဖွဲ့မှာ ပါဝင်တဲ့ ဦးသန်းထွန်းကတော့ ဘာကြောင့် ကန့်ကွက် ရသလဲ ဆိုတာကို အခုလို ပြောပါတယ်။

“ဘယ်လိုကြောင့်လဲ ဆိုတော့ MSF က ကျန်းမာရေး စောင့်ရှောက်မှု ဆိုပြီးတော့ MOU နဲ့လာတယ်။ ဒါပေမဲ့ ဒီမှာကျတော့ အဲ့ဒီ ကိစ္စတွေ အပြင် နိုင်ငံရေးဟာတွေ ၀င်ရောက် စွက်ဖက်တယ်။ အထူးသဖြင့် ဒီဘင်္ဂါလီတွေကို ရိုဟင်ဂျာ ဖြစ်ရေးကို သူတို့ပဲ ဦးဆောင်ပြီး လုပ်တာလေ။ အဲ့ဒီ အထောက် အထားတွေ ရခိုင်တွေမှာ အများကြီးရှိတော့ အဲ့ဒါကြောင့် သူတို့အဖွဲ့ကို ရခိုင်တွေက လက်မခံဘူးလေ။ Malteser ကိုတော့ လက်မခံဘူး။ Malteser က ဟို သန်းခေါင် စာရင်းကိစ္စ ဆန္ဒပြတုန်းက ထောင်ထားတဲ့ သာသနာ့ အလံကို Malteser တာဝန်ခံ အမျိုးသမီးက မဆီမလျော် လုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အဲ့ဒီကိစ္စ လက်မခံတာလေ။”

Malteser International အဖွဲ့ကတော့ လူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်း မူအရ ဘာသာရေး ဒါမှမဟုတ် နိုင်ငံရေး အထိမ်း အမှတ်တွေကို အသုံးပြုခွင့် မရှိတာကြောင့် ဖြုတ်ချတာ ဖြစ်ကြောင်း၊ မဖွယ်မရာ လုပ်တာ မရှိကြောင်း တုံ့ပြန် ဖြေရှင်းခဲ့သလို၊ MSF အဖွဲ့ကလည်း သူတို့ လုပ်ငန်းတွေ ပြန်လည် စတင်ရေး အတွက် အစိုးရက ဆောင်ရွက်ပေးဖို့နဲ့ ဒီလို လုပ်ငန်း ရပ်ဆိုင်းထား ရတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေဟာ ဆိုးဆိုးရွားရွား ကျဆင်းလာ နေကြောင်း လွန်ခဲ့တဲ့ တပတ်က သတိပေး ထားပါတယ်။ MSF အဖွဲ့ကို ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

MSF ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်း နေတာကြောင့် သူတို့ ကူညီ ထောက်ပံ့မှုကို ရယူ နေသူ တွေဟာ လောလောဆယ် အခက်အခဲ ကြုံနေတယ်လို့ အစ္စလာမ် ဘာသာဝင်တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ဒုက္ခသည် စခန်းက ဦးအောင်ဝင်းက ပြောပါတယ်။

“ဒီ MSF အဖွဲ့ ထွက်သွားပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ တီဘီရောဂါ ကုတဲ့ အခါမှာ အဆင် မပြေဘူး။ MSF ရှိတုန်းက ဆိုရင် သူတို့မှာ ကိုယ်ပိုင် laboratory ရှိတယ်။ ကျနော်တို့ ဒီတီဘီ သလိပ်ကို သွားအပ် လို့ရှိရင် ၄ နာရီ အတွင်းမှာ သူတို့ အဖြေ ပေးတယ်။ သူတို့ ပြန်သွားတဲ့ နောက်ပိုင်းမှာ ဒီစစ်တွေ ဆေးရုံကြီး ဓာတ်ခွဲခန်းကို ပို့လို့ရှိရင်ပေါ့ တလလောက်ကြာ ပြီးတော့ နောက် အဖြေ ရောက်လာတဲ့ အချိန်မှာလည်း ရောဂါ မရှိဘူး ဆိုတဲ့ အဖြေပဲ လာတယ် အမြဲတမ်း။ အဲ့ဒီတော့ ဒီတီဘီ ရောဂါက အရမ်းများ နေတယ် ဒီဘက်မှာ အခုလောလောဆယ်။”

အခြား ဖြစ်ပွားမှု များတာကတော့ အခက်အခဲ ကတော့ ငှက်ဖျား ရောဂါ ဖြစ်ကြောင်းနဲ့ အခုအခါ အစိုးရရဲ့ နယ်လှည့် ကုသရေး အဖွဲ့က အောင်မင်္ဂလာ စခန်းကို တပတ်ကို ၂ ကြိမ် လာရောက် ကုသပေးနေကြောင်း ပြောပါတယ်။ နိုင်ငံတကာ ထောက်ပံ့ ကူညီရေး အဖွဲ့တွေ ကတော့ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင် တွေဟာ နှစ်ပေါင်းများစွာ ခွဲခြား ဆက်ဆံခံ ခဲ့ရသလို ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ဒုက္ခရောက်ရသူ အများစု ဖြစ်ကြောင်းလည်း ဖော်ပြကြပါတယ်။

Comment ရေးရန်

Rohingya Exodus