နောက်ဆုံးသတင်း/ဆောင်းပါးများ

အမျိုးသမီး တစ်ဦးကို ရဲများက လုပ်ကြံ ဖမ်းဆီး၍ လူမဆန်စွာ အုပ်စုလိုက် မုဒိန်းကျင့်




RB News
22.8.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဒေါ်ဇော်မီလာကို ဘူးသီးတောင် ရဲစခန်းမှ ရဲများက လုပ်ကြံ ဖမ်းဆီး၍ မုဒိန်းကျင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။

သြဂုတ်လ (၂၁) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ ဒုရဲအုပ် မြတ်ထွေး ဦးဆောင်၍ ရဲတပ်ဖွဲ့ (၁၀) ဦးတို့သည် ဘူးသီးတောင်မြို့နယ် အမှတ် (၂) ရပ်ကွက်မှ ဒေါ်ဇော်မီလာ (ဘ) ဦးအဒူရှကူရ်ကို ရွှေခိုးသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ရဲစခန်းတွင် ချုပ်နှောင် ထားခဲ့သည်။

ဒေါ်ဇော်မီလာကို ချုပ်နှောင်ထားစဉ် ကာလတွင် ဒုရဲအုပ် မြတ်ထွေး အပါအ၀င် ရဲတပ်ဖွဲ့ (၁၀) ဦးက ပါးစပ်ကို အ၀တ်များဖြင့် ဆို့ထားပြီး၊ လူမဆန်စွာ မုဒိန်းကျင့်ခဲ့သည့် အပြင် ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ည (၇) နာရီ အချိန်တွင် အမှတ် (၂) ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သူ ဦးမာမတ်ရိယာစ်က ငွေကျပ် ၃ သိန်းကို အာမခံငွေ အဖြစ် ရဲများကို ပေးမှသာ ဒေါ်ဇော်မီလာကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ရဲများက အုပ်စုဖွဲ့ မုဒိန်းကျင့်ခြင်း၊ ရိုက်နှက်ခြင်းကြောင့် ဒေါ်ဇော်မီလာ၏ အခြေအနေမှာ အလွန်ဆိုးရွားလျက် ရှိပြီး၊ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဒုရဲအုပ် မြတ်ထွေးသည် ၂၀၀၇ ခုနှစ်က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာမှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သည်ကို ရဲချုပ် အပါအ၀င် အာဏာပိုင် အကြီးအကဲများက သိရှိခဲ့သော်လည်း အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းသည် ဘူးသီးတောင်မြို့နယ် မြို့မရဲစခန်းမှ အဆိုးဆုံး ရဲတစ်ဦး ဖြစ်သည်ကို မြို့နယ် ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အခြား အာဏာပိုင်များက သိရှိနေသော်လည်း အရေးယူခြင်း မရှိကြောင်း၊ ယခု ဒေါ်ဇော်မီလာကို လူမဆန်စွာ မုဒိန်းကျင့်ခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များက အရေးယူ ဆောင်ရွက် မပေးလျှင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို အာဏာပိုင် သိရှိရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus