နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်နက်ကိုင် အာဏာပိုင်များက ရွာသုံးရွာတွင် အကြမ်းဖက်၊ လုယက်



Rohingya Eye
RB News
2.8.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါကျေးရွာ၊ ၀ါးချကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများသို့ စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူးသတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ များဝင်ရောက်၍ ဒေသခံများ၏ နေအိမ်များ အတွင်းရှိ ပစ္စည်းများ ဖျက်ဆီး၊ လုယက် ခဲ့သည်။

ဇူလိုင်လ (၂၉) ရက်နေ့ နေ့လည် (၂) နာရီ အချိန်တွင် ဘူးသီးတောင်မြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း ခေါင်းဆောင်သည့် အဖွဲ့၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ အထူး သတင်းတပ်ဖွဲ့နှင့် စ.ရ.ဖ အဖွဲ့တို့ပါဝင်သည့် အင်အား ၁၂၀ ကျော်တို့သည် သံဒါကျေးရွာ၊ ၀ါးချ ကျေးရွာနှင့် ရှီလ်ခါလီ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ရွာများကို ၀န်းရံ ပိတ်ဆို့ပြီးနောက် တစ်အိမ်တက်ဆင်း ရှာဖွေခဲ့သည်။ သံဒါကျေးရွာမှ လူငယ် တစ်ဦး ဖြစ်သည့် အာမောစ်အုလ္လာ (ဘ) ဦးနူရ်မာမတ် (အသက် ၁၇ နှစ်) ကို ဗမာစကားဖြင့် မေးခွန်း အချို့ မေးမြန်းသော်လည်း အဆိုပါ လူငယ်မှ ဗမာစကား မပြောတတ် သောကြောင့် ဖြေဆိုနိုင်ခြင်း မရှိသဖြင့် လက်နက်ကိုင် အာဏာပိုင်များက စစ်ဖိနပ်ဖြင့် ၀ိုင်းဝန်း၍ ကန်ကျောက် ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် လက်နက်ကိုင် အာဏာပိုင်များသည် နေအိမ်များ အတွင်းရှိ ပစ္စည်းများ အပါအ၀င် ဆိုက်ကား တစ်စီးကို ဖျက်ဆီး ပစ်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရွာများအတွင်းတွင် တဖက်နိုင်ငံမှ RSO များ ရောက်ရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ဝါးချကျေးရွာမှ ပစ္စည်းများ ဖျက်ဆီးခံရသူများမှာ --

(၁) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၃၀ နှစ်) (ဆိုက်ကား တစ်စီး ဖျက်ဆီးခံရ)
(၂) ဦးရှော်ရီအာမတ် (ဘ) ဦးအဒူရှကူရ် (အသက် ၇၀ နှစ်) (နေအိမ်တံခါး၊ ထမင်းအိုး အပါအ၀င် မီးဖိုချောင်သုံး ပစ္စည်းများ၊ အခြား အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခံရ)
(၃) ဦးအဒူဟာဖီးဇ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၃၀ နှစ်) (နေအိမ်တွင် မိသားစုများ စားသုံးရန် ချက်ပြုတ် ထားသည့် အမဲသား ၂ ပိဿာခန့် လုယက်ခံရ)
(၄) မော်လ၀ီအီလီယာစ် (ဘ) မော်လ၀ီအာမီးရ် ဟူဆောင်း (နေအိမ်၏ ပြူတင်းပေါက်မှန် များကို ခဲဖြင့် ပစ်ပေါက် ဖျက်ဆီးခံရ၊ နေအိမ်တံခါးမှန်များ ဖျက်ဆီးခံရ) -- တို့ ဖြစ်သည်။

လက်နက်ကိုင် စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အကြမ်းဖက် လုယက် နေသည်များကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်း၊ ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ရွှေသိန်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ အရာရှိ များက တွေ့ရှိသော်လည်း ဟန့်တားခြင်း လုံးဝ မရှိခဲ့ကြောင်း အဆိုပါ ဒေသခံမှ ပြောပါသည်။ နိုင်ငံတော် အစိုးရမှ ကောင်းမွန်သည့် အစိုးရ၊ သန့်ရှင်းသည့် အစိုးရဟု ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် မြေပြင်တွင် ဖြစ်ပျက် နေသည်များမှာ ယခင် စစ်အစိုးရ လက်ထက် ကထက် ပိုမို ဆိုးရွားလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus