နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ် ကျော်ကျော်နှင့် အဖွဲ့က ဒေသခံများထံမှ ရွှေ၊ငွေများ လုယက်



RB News
14.9.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း လိပ်ရကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ကျော်ကျော် ဦးဆောင်သည့် အဖွဲ့သည် လိပ်ရ ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာများထံမှ ရွှေ၊ ငွေများ လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

စက်တင်ဘာလ (၁၀) ရက်နေ့ ည ၇ နာရီ အချိန်တွင် မောင်တောမြို့နယ် လိပ်ရကျေးရွာ အုပ်စု အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့သည် လိပ်ရ အလယ်ရွာရှိ ဦးနူရ်မာမတ် (ဘ) ဦးအဒူလ္လာ၏ နေအိမ်သို့ ၀င်ရောက်၍ ငွေကျပ် ၈ သောင်း လုယက်ခဲ့သည့် အပြင် ဦးနူရ်မာမတ်၏ ဇနီးကိုလည်း ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့သည် လိပ်ရမြောက်ရွာသို့ ၀င်ရောက်ပြီး ဦးအာဘူဟာယာတ် (ဘ) ဦးအဒူလော်တီ၏ နေအိမ်မှ ငွေကျပ် ၁၇ သိန်း ၆ သောင်း လုယက်ခဲ့သည့် အပြင် ဦးအာဘူဟာယာတ်၏ ဇနီးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးအာဘူဟာယာတ် ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အဆိုပါရွာမှ ဦးအဒူလ်အာမီးန်၏ နေအိမ်သို့လည်း ၀င်ရောက်ပြီး သေတ္တာကို ရိုက်ချိုးပြီး ရွှေ ၁ ကျပ်သား ၉ ပဲ ကို လုယူသွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ယခင် စစ်အစိုးရ လက်ထက်က န.စ.က များကဲ့သို့ပင် ရွာများထဲသို့ ၀င်ရောက်၍ လိုင်စင်ရ ဓါးပြသဖွယ် လုယက်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းကို နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိရာ၊ ယခုကဲ့သို့ လုယက်ခြင်းများ ဆက်လက် ပြုလုပ်နေပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူများ အကြား ပဋိပက္ခ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဒေသခံများက ဆိုသည်။ ဒေသခံများက နိုင်ငံတော် အစိုးရ အနေဖြင့် ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များကို အချိန်မှီ တားဆီး ပေးရန် လိုအပ်ကြောင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ ဥပဒေမဲ့ လုပ်ရပ်များကို မတားဆီးဘဲ လွှတ်ပေး ထားမည်ဆိုပါက မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု ဆိုပါသည်။

Comment ရေးရန်

Rohingya Exodus