နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများနှင့် န.တ.လ ရွာသားများ ပူးပေါင်း၍ ရိုဟင်ဂျာရွာကို အကြမ်းဖက်




MYARF
RB News
13.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ညောင်ချောင်း ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် န.တ.လ ရွာသားများ ၀င်ရောက်ပြီး အကြမ်းဖက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၁၃) ရက် နံနက် ၂ နာရီခန့် အချိန်တွင် (၃) မိုင်ဂိတ်စခန်းမှ ရဲမှူး ခေါင်းဆောင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ရွှေရင်အေး န.တ.လ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလှ အပါအ၀င် ၎င်းရွာမှ န.တ.လ ရွာသား ၁၅ ဦးတို့သည် ကား ၄ စီးဖြင့် ညောင်ချောင်း ကျေးရွာသို့ ၀င်ရောက်ပြီး အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ဦးဆောင်သော အဖွဲ့ ရောက်ရှိလာပြီး ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းမကြားသည့် အပြင် ဒေသခံ ရိုဟင်ဂျာ များ၏ နေအိမ်များကို ဖျက်ဆီးခြင်း၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ ဒေသခံ ရိုဟင်ဂျာ များကို ရိုက်နှက်သည့် အပြင် အပြစ်မဲ့ ရွာသား (၇) ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ အဆိုပါ အဖွဲ့သည် နေအိမ်များထဲသို့ တံခါးများ၊ ပြတင်းပေါက်များ ဖျက်ဆီး၍ ၀င်ရောက်ပြီး ၎င်းတို့ မျက်စိရှေ့တွင် တွေ့ရှိသည့် အမျိုးသားများကို ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ထို့အပြင် နေအိမ်များ အတွင်းရှိ အဖိုးတန် အိမ်သုံး ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက် ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် န.တ.လ ရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများက ဓါးပြများဟု အော်ဟစ်၍ အကူအညီ တောင်းခံသည့်အခါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက သေနတ် ၃ ချက် ပစ်ဖောက်၍ ဒေသခံ ရိုဟင်ဂျာ များကို ခြိမ်းခြောက်ခဲ့သည်။ သေနတ် ပစ်ဖောက်သည့် အခါမှသာ ဒေသခံ ရိုဟင်ဂျာများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက န.တ.လ ရွာသားများနှင့် ပူးပေါင်း၍ အကြမ်းဖက် နေသည်ကို သိရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရသူများမှာ --

(၁) ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ် (အသက် ၂၆ နှစ်)
(၂) မာမတ်အာလမ် (ဘ) ဦးနူရ်အာမတ် (အသက် ၃၀ နှစ်)
(၃) နူရ်ဆော်လမ် (ဘ) ဦးကော်လိလ် (အသက် ၂၄ နှစ်)
(၄) အဒူလ်ဟာဖီးဇ် (ဘ) ဦးကော်လိလ် (အသက် ၁၆ နှစ်)
(၅) ဟာဖီးဇ် မာမတ်အနိုဝါရ် (ဘ) ဦးမာမတ်ဟာရွန် (အသက် ၂၀ နှစ်)
(၆) ဦးအာဘူဘာဆဲရ် (ဘ) ဦးဖော်ဇော်ရာမန် (အသက် ၄၉ နှစ်)
(၇) နူရ်မာမတ် (အသက် ၂၀ နှစ်) -- တို့ဖြစ်ပါသည်။

ဖမ်းဆီး ခေါ်ဆောင် သွားသူများထဲမှ ဟာရွန် (ဘ) ဦးဘော်ဆိရ်အာမတ်ကို လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ပြီးနောက် အခြေအနေ ဆိုးဝါးလာသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး၊ ကျန်သည့် (၆) ဦးကို အမှုဆင်၍ တရားစွဲဆိုရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။ ကျန်သည့် (၆) ဦးကို (၃) မိုင်ရှိ ဂိတ်စခန်းတွင် ယခုအချိန်ထိ ထိန်းသိမ်းထားကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

(၃) မိုင်ဂိတ်စခန်းရှိ ရဲမှူးနှင့် အဖွဲ့သည် ရိုဟင်ဂျာရွာများ ထဲသို့ အချိန်မတော် ၀င်ရောက်၍ အိမ်များကို ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ရွာသားများကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ ညတိုင်းလိုလို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့ရှိ နိုင်ငံရေး လေ့လာ သုံးသပ်သူများက လာမည့်လတွင် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း သမ္မတ ဦးသိန်းစိန်နှင့် ရိုဟင်ဂျာ အရေး ဆွေးနွေးမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိခြင်းကို ရခိုင်လူမျိုး အများအပြား ပါဝင်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက မကျေနပ်၍ ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယခင် န.စ.က များထက်ပင် ပိုမို၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်နေသည်ကို ပြည်ထောင်စု အစိုးရမှ တာဝန်ယူ ဖြေရှင်း ပေးရန် ဒေသခံ ရိုဟင်ဂျာများက အထူး လိုလားလျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus