နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် ကိုးတန်ကောက်တွင် စစ်သားများ လုယက်၊ ဖမ်းဆီးမှုများ ပြုလုပ်



Rohingya Eye
RB News
14.10.2014

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက ဒေသခံ ရိုဟင်ဂျာများထံမှ လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၉) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာ အုပ်စု (ဒူမ်ဆေးဖာရာ)၊ ငပိချီးရွာ အခြေစိုက် စစ်တပ်စခန်းမှ တာဝန်ခံ ဗိုလ်ကြီး ရဲရင့်အောင်နှင့် စစ်သား (၄) ဦးတို့သည် ငပိချီး ရခိုင်ရွာမှ ရပ်မိရပ်ဖ ဖြစ်သူ ဦးသန်းဝင်းနှင့် အတူ ပင်လယ် ကမ်းခြေတွင် ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသော ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံ သွားရောက်ပြီး အကြောင်းမဲ့ ငွေကျပ် ၅ သိန်း တောင်းခံခဲ့ရာ၊ ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူ များက ၎င်းတို့ အနေဖြင့် ငွေကျပ် (၅) သိန်း ပေးရန် မတတ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း ဗိုလ်ကြီး ရဲရင့်အောင်နှင့် အဖွဲ့က ငွေကျပ် ၅ သိန်းကျော် တန်ဖိုးရှိ ငါးခြောက်များကို လုယက်သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ဦးသန်းဝင်းက ၎င်းတို့ (၄) ဦးကို ကိုယ်ထိလက်ရောက် စော်ကားပြီး ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဗိုလ်ကြီး ရဲရင့်အောင်က ၎င်းတို့ (၄) ဦးထံမှ ငွေကျပ် ၂၅၀၀၀/- စီညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

လုယက်၊ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာယုဖ် (ဘ) ဦးဆုလ်တာန် (အသက် ၄၅ နှစ်)
(၂) ဦးဟာကီးမ်အလီ (ဘ) ဦးအဒူဂေါ်ဖော်ရ် (အသက် ၃၅ နှစ်)
(၃) ဦးအီနုစ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၅ နှစ်)
(၄) ဦးအာဘူလ်ကာဆီးမ် (ဘ) ဦးဖူရူခ်အာမတ် (အသက် ၄၆ နှစ်) -- တို့ဖြစ်ပါသည်။

ဦးသန်းဝင်း ဆိုသူသည် စစ်သား တစ်ဦး ဖြစ်ပြီး၊ စစ်တပ်မှ အရာရှိများနှင့် ပူးပေါင်းကာ ဒေသခံ ရိုဟင်ဂျာများကို အမြဲ ညှဉ်းပန်း နှိပ်စက်လေ့ ရှိသူ ဖြစ်သည်။ အာဏာပိုင်များထံမှ ပင်လယ်တွင် ငါးဖမ်းခွင့် ကိုယ်စားလှယ် ရယူသူ ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာများ ငါးဖမ်းရန် စက်လှေဖြင့် ထွက်တိုင်း တစ်စီးလျှင် ငွေကျပ် တစ်သိန်း၊ စက်လှေငယ် တစ်စီးလျှင် ငွေကျပ် နှစ်သောင်းစီ ဓါးပြကဲ့သို့ တောင်းယူနေသူ ဖြစ်ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus