နောက်ဆုံးသတင်း/ဆောင်းပါးများ

မွန်းတည့်နေ သတင်းသမားတွေကို ကြာသပတေးနေ့ ရုံးတင်စစ်ဆေး



မဆုမွန်
2.10.2014

ကြာသပတေးနေ့မှာ မွန်းတည့်နေ သတင်းသမား တွေကို ရုံးတင် စစ်ဆေး တရားစွဲဆိုမှုမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် သက်သေပြ ထွက်ဆို သွားကြဖို့ သတင်းသမား တွေက ပြင်ဆင် နေကြပါတယ်။

အဲ့ဒီလို သတင်း မီဒီယာတွေ အပေါ် တရားစွဲဆို ရုံးတင် စစ်ဆေးမှုတွေ လုပ်နေတာမျိုး အပြင် ချင်းပြည်နယ် အစိုးရက ချင်းတိုင်းရင်းသား သတင်းဂျာနယ် တခုကို ဖြန့်ဝေခွင့် ပိတ်လိုက်တာကြောင့်လည်း လက်ရှိ သတင်းမီဒီယာ လွတ်လပ်ခွင့် အပေါ် စိုးရိမ်မှုတွေ ရှိလာနေတာပါ။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ သတင်း မီဒီယာသမားတွေ အကြား အပြန်အလှန် နားလည်မှုရှိဖို့ လိုမယ်လို့လည်း သတင်း သမားတွေက သုံးသပ် နေကြပါတယ်။ အပြည့်အစုံကို မဆုမွန် က တင်ပြထားပါတယ်။

ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေတဲ့ အရပ်သား အစိုးရ လက်ထက် သတင်း လွတ်လပ်ခွင့် အတော်အသင့် ရလာတယ်လို့ ဆိုနေချိန်မှာပဲ သတင်း သမားတွေနဲ့ အာဏာပိုင် တွေကြား သတင်း ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ရှိလာပြီးတော့ တရားစွဲဆိုတာ၊ ဂျာနယ် ပိတ်သိမ်းတာတွေ လုပ်ဆောင် လာနေတာ ဖြစ်ပါတယ်။ ဥပမာ- ယူနတီ သတင်း သမားတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်တာမျိုး အပါအဝင် သတင်း သမား တချို့ကို တရား စွဲဆိုမှုတွေ ဖြစ်နေတဲ့ အထဲ ပြီးခဲ့တဲ့ ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ် အစိုးရ အဖြစ် တင်မြှောက် လိုက်ကြောင်း ဒီမိုကရေစီ အရေး စဉ်ဆက် မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) ရဲ့ ထုတ်ပြန်ေ ကြေညာချက်ကို သတင်းရေးသား ဖော်ပြခဲ့လို့ ဆိုပြီးတော့ အပတ်စဉ်ထုတ် Bi မွန်းတည့်နေ သတင်းဂျာနယ်ရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၆ ဦး အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့ ကြာသပတေးနေ့မှာ သူတို့ကို ရုံးတင် စစ်ဆေးချိန်မှာ သတင်း သမားတချို့ သွားရောက် သက်သေ ထွက်ဆိုကြဖို့ ရှိနေပါတယ်။ သတင်း မီဒီယာ ပွင့်လင်းကာစ အနေအထားမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြည်သူအများ သတင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်အောင် ရေးသား ဖော်ပြနေတဲ့ သတင်း သမားတွေကို ရန်သူလို သဘော မထားဖို့ လိုမယ်လို့ သက်သေ ထွက်ဆိုဖို့ ရှိတဲ့ သတင်းထောက် ကိုအောင်သူရက ပြောပါတယ်။

“မွန်းတည့်နေကိစ္စ သူက အဓိက စွဲတာကတော့ ထုတ်ပြန်ချက်နဲ့ တနေ့တည်း ထွက်တယ် ဆိုပြီးတော့ ပုဒ်မ ၅ (ည)၊ ၅၀၅ (ခ) အဲ့ဒါနဲ့စွဲတာပါခင်ဗျ။ ဒါကတော့ သိပ်မဆိုင်ဘူးလေ။ တချို့ဟာတွေဆို ကျနော်တို့လည်း ကြိုသိတာတွေ အများကြီး ရှိတာပဲ။ ထုတ်ပြန်ချက် အကြမ်းတွေ ရထားတာမျိုးလည်း ရှိတာပဲ။ ဒီဟာကတော့ ဒီဖော်ပြချက်က သတင်းမီဒီယာ ကျင့်ဝတ်အရ ဆိုရင်တော့ ဖောက်ပြန်မှု မရှိဘူး။ ဒါက သတင်း source နဲ့ သတင်း ရေးသားတဲ့သူနဲ့ ယုံကြည်မှုရှိစွာ တယောက်နဲ့တယောက် ကြိုသိတာလည်း ရှိတယ်ပေါ့နော်။ ဒီအတွက် ဒါက အပြစ်မရှိဘူးလို့ ယူဆတယ်။ နောက်တခုက ကျတော့ တကယ်လို့ စွဲချင်ရင်လည်းစွဲပါ။ တာဝန်ခံ အယ်ဒီတာနဲ့ပဲ အမှုရင်ဆိုင်ပေါ့။ အကုန်လုံးကို စွဲတာမျိုးကျတော့ မကောင်းဘူးလေ။ နှစ်ဘက် စလုံးကတော့ လုပ်ရမယ့် ကိစ္စတွေ ကတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ဘက် မှာလည်း capacity ပိုင်း ဖြည့်ရမှာလိုမျိုး၊ အစိုးရပိုင်း ကလည်း ကျနော်တို့ကို အသိအမှတ် ပြုဖို့လိုတယ်၊ စေတနာရှိဖို့ လိုတာပေါ့နော်။ သတင်း မီဒီယာဆိုတာ နိုင်ငံ့အတွက် အရေးကြီးတယ်။ ကျနော်တို့အပေါ် သူက မိတ်ဆွေလို သဘောထားဖို့ လိုတယ်။ အခုက အဲ့လိုမဟုတ်ဘူး။ ရန်သူလို သဘောထားတာ ပေါ့နော်။ သူတို့က အသုံးချဖို့ လောက်ပဲ သူတို့က စဉ်းစားတာ ပေါ့နော်။”

ချင်းပြည်နယ် ဘက်မှာတော့ ချင်းပြည်နယ် အစိုးရဘက်က ချင်းဘာသာ စကားနဲ့ ထုတ်ဝေတဲ့ ဟားခါးပို့စ် သတင်းလွှာကို မဖြန့်ဝေဖို့ ပိတ်ပင် လိုက်တယ် ဆိုတဲ့ သတင်း ထွက်ပေါ် လာပါတယ်။ လမ်းပန်း ဆက်သွယ်မှု အားနည်းပြီး သတင်းဖြန့်ဝေမှု အခက်အခဲ များစွာ ရှိတဲ့ ချင်းပြည်နယ်တွင်း ဒီလို သတင်း ဂျာနယ်ကို ထုတ်ဝေခွင့် ပိတ်တာဟာ တိုင်းရင်းသား ပြည်သူတွေကြား သတင်း အမြန်ဆုံး ရောက်နိုင်အောင် ကြိုးစား နေရဆဲ တိုင်းရင်း မီဒီယာတွေ အပေါ် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ချင်းသတင်း ကွန်ယက် ဖွဲ့စည်းဖို့ လုပ်ဆောင် နေတဲ့ သတင်းသမား တဦးလည်း ဖြစ်တဲ့ မအိမ့်ခိုင်ဦးက သုံးသပ် ပါတယ်။

“ချင်းမီဒီယာ အနေအထား ကတော့ အံ့သြလောက်ဖို့ ကောင်းတာ ပေါ့နော်။ ဟိုတခေါက် ချင်းကွန်ယက်ဖွဲ့ဖို့ ဆိုပြီး သွားတုန်းက ကျတော့ မီဒီယာတွေက အရမ်းများနေတဲ့ အတွက် မီဒီယာကို အဓိက ထားပြီး ဖွဲ့ဖို့တောင် လုပ်ခဲ့ကြတယ် ဆိုတော့ ချင်းမီဒီယာက ပိုပြီးတော့ အားကောင်းတဲ့ အနေအထား တွေ့ရတာပေါ့။ ဒီချင်းတောင်လေး တတောင်မှာတင် ကိုယ့်ဟာကိုယ် ထုတ်ဝေနေတဲ့ စာစောင်တွေ တော်တော် များတယ်လို့ ပြောရမှာပေါ့ အဲ့ဒါကျ။ အခုဆိုရင် တဖြေးဖြေးနဲ့ ဟားခါးပို့စ်တို့ ဘာတို့ သူတို့သတင်းကို အများဆုံး တင်လာကြပြီ။ တဖြေးဖြေးနဲ့ ဖွံ့ဖြိုးလာတဲ့ သဘောပေါ့။ အဲ့ဒီအချိန်မှာ မှတ်ပုံတင် မထားတဲ့ စာစောင်မှန်သမျှ ပိတ်တယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတော့ ထိခိုက်နိုင် တာပေါ့။ နောက်အစောင်တွေ ကျတော့ နည်းနည်းတော့ တန့်သွား နိုင်တာ ပေါ့နော်။ လန့်သွားနိုင် သွားတာပေါ့။ ဒါပေမဲ့ ဘယ်လို အခြေအနေ ရှိမလဲ ဆိုတာ ယတိပြတ်လို့ ကျနော်တို့တော့ ပြောလို့တော့ မရဘူးပေါ့။”

အခု နောက်ပိုင်း သတင်း မီဒီယာ သမားတွေ ဖမ်းဆီး ခံရတာ၊ အပြစ်ပေး အရေးယူ ခံရတာ၊ ကန့်သတ် ချုပ်ချယ်မှုတွေ ပိုမို များပြားလာ နေတာဟာ မြန်မာနိုင်ငံမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ကျဆင်း သွားခြင်း မဟုတ်ဘဲနဲ့ မီဒီယာ သမားတွေရဲ့ ကျင့်ဝတ်နဲ့ စာနယ်ဇင်း အတတ်ပညာ ဆိုင်ရာ ပြဿနာတွေ များလာတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးရဲထွဋ်က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ သတင်းသမားတွေ ဘက်ကတော့ အစိုးရ တာဝန်ရှိသူတွေ ဘက်က သတင်းဖြန့်ဝေမှု အားနည်းတာ၊ နောက် သတင်း သမားတွေ ဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ဆီက ဖြစ်စဉ် သတင်းမှန် ရယူနိုင်ဖို့ ခက်ခဲ လွန်းနေသေးတာတွေ ကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus