နောက်ဆုံးသတင်း/ဆောင်းပါးများ

ဟားဗတ် တက္ကသိုလ်တွင် ရိုဟင်ဂျာ အရေး ညီလာခံ ကျင်းပမည်



RB News
30.10.2014

ကမ္ဘာ့ အကျော်ကြားဆုံး တက္ကသိုလ် တစ်ခု ဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ မက်ဆားချူဆက် ပြည်နယ်၊ ကမ်းဘရစ်ခ်ျမြို့ရှိ ဟားဗတ် တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ ရိုဟင်ဂျာလူမျိုး အရေးနှင့် ပတ်သက်၍ ညီလာခံ တစ်ရပ်ကို လာမည့် နိုဝင်ဘာလ (၄) ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ညီလာခံကို နိုဝင်ဘာလ (၄) ရက်နေ့ နေ့လည် ၃ နာရီမှ ညနေ ၆ နာရီထိ ကျင်းပမည် ဖြစ်ပြီး၊ Harvard Global Equity Initiative မှ ဦးဆောင် ကြီးမှူး၍ ကျင်းပမည် ဖြစ်ကြောင်း သိရှိရပါသည်။

တငွေ့ငွေ့ လောင်ကျွမ်းနေသည့် ရိုဟင်ဂျာများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုဟု ခေါင်းစဉ် တပ်ထားသည့် ညီလာခံကို ၁၉၉၈ ခုနှစ်တွင် စီးပွားရေးနှင့် ပတ်သက်၍ နိုဗယ်ဆု ရရှိခဲ့သူ ဟားဗတ် တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ Amartya Sen က ဦးဆောင်မည် ဖြစ်ပြီး၊ Harvard Global Equity Initiative ၏ ညွန်ကြားရေးမှူး ဒေါက်တာ Felicia Knaul၊ China Medical Board မှ ဥက္ကဌ ဒေါက်တာ Lincoln Chen၊ ဟားဗတ်တက္ကသိုလ် HMS – Department of Global Health and Social Medicine မှ ကထိက ဒေါက်တာ မောင်ဇာနည်၊ Parliament of the World’s Religions နှင့် Justice for All တို့၏ ဥက္ကဌ Mr Malik Mujahid နှင့် Humanitarian Policy Group, Oversea Development Institute, UK မှ Research Fellow Ms Lilianne Fan တို့က ပါဝင် ဆွေးနွေးမည် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်မှ စ၍ ယနေ့ထိ ရိုဟင်ဂျာ လူမျိုးများ တွေ့ကြုံနေရသည့် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှု များနှင့် နိုင်ငံသား အခွင့်အရေးများနှင့် ပတ်သက်၍ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး ဥက္ကဌ ပါမောက္ခ ဒေါက်တာ ၀ါကာအူဒင်၊ Rohingya Blogger တည်ထောင်သူ ဦးဘစိန်၊ ကျောင်းဆရာမဟောင်း ဒေါ်ခင်လှနှင့် ဗြိတိန်နိုင်ငံရောက် မြန်မာ ရိုဟင်ဂျာများ အသင်း ဥက္ကဌ ဦးထွန်းခင် တို့က တင်ပြသွားမည် ဖြစ်ပါသည်။

ညီလာခံ စသည်မှ ဆုံးသည်အထိ အင်တာနက်မှ တိုက်ရိုက် ကြည့်ရှုနိုင်မည် ဖြစ်ပြီး၊ ကြည့်ရှုနိုင်မည့် အင်တာနက် စာမျက်နှာ လင့်ခ်ကို RB News တွင် မကြာခင် တင်ဆက် ပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

Comment ရေးရန်

Rohingya Exodus