နောက်ဆုံးသတင်း/ဆောင်းပါးများ

BGP ၏ တာဝန်များကို အခမဲ့ ထမ်းဆောင် ပေးနေသည့် ကင်းသမားများကို ရိုက်နှက်၍ ငွေညှစ်



Rohingya Eye
RB News
10.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့များ၏ တာဝန်ကို အခမဲ့ ထမ်းဆောင် ပေးနေသည့် ဒေသခံ ရိုဟင်ဂျာ ကင်းသမားများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ်ရှိ ရွာများ၏ လုံခြုံရေး တာဝန်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ထမ်းဆောင် ရမည် ဖြစ်သော်လည်း၊ ရွာများရှိ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို တစ်လလျှင် နှစ်ကြိမ်စီ ညပိုင်း လုံခြုံရေး ကင်းသမားများ အဖြစ် မလုပ်မနေရ အခမဲ့ ထမ်းဆောင် ခိုင်းစေလျက် ရှိသည်။ တစ်ညလုံး မအိပ်ဘဲ ကင်းစောင့် ရသည့် ဒေသခံ ရိုဟင်ဂျာ ကင်းသမား များက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းလှည့် နေစဉ် အချိန်တွင် အော်ဟစ်ခြင်း၊ ဓါတ်မီးထိုးခြင်းများ ပြုလုပ်ရန် ပျက်ကွက်ပါက ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်၍ ငွေညှစ်လေ့ ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ ညသန်းခေါင်ယံ (၁) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မဒီနာရွာတွင် ကင်းစောင့် နေသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းလှည့် နေစဉ် တစ်နေရာထဲတွင် မတွေ့ဟု ဆိုကာ ခြေထောက်ဖြင့် ကန်၍ လက်သီးများဖြင့် ထိုးကြိတ်ပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထိုသို့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ငွေညှစ်ခြင်းကို နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ရိုက်နှက်ခံရပြီး ငွေကျပ် နှစ်သောင်းစီ ညှစ်ခံရသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ ---

(၁) ရှာမ်မျာ (ဘ) ဦးနာဂူမျာ (အသက် ၂၈ နှစ်)
(၂) ဦးဟာလူ (ဘ) ဦးဆီဒိတ် (အသက် ၃၅ နှစ်)
(၃) နာဇီရ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ် (အသက် ၂၇ နှစ်)
(၄) ကေဖာယာသ် အူလ္လာ (ဘ) ဦးရှုနာလီ (အသက် ၂၅ နှစ်) -- တို့ဖြစ်ပါသည်။

ရပ်ရွာ လုံခြုံရေးမှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တာဝန် ဖြစ်သော်လည်း၊ ဒေသခံ ရိုဟင်ဂျာများကို အခမဲ့ ခိုင်းသည့် အပြင် ယခုကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းမှာ အလွန် စက်ဆုပ် ရွံ့ရှာစရာ ကောင်းသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus