နောက်ဆုံးသတင်း/ဆောင်းပါးများ

အမြောက် တပ်ရင်း ၃၇၈ က အတင်း အဓမ္မ ခိုင်းစေမှုများ ပြုလုပ်လျက်ရှိ



RB News
2.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် (၃၇၈) အမြောက်တပ်မှ ဒေသခံ ရိုဟင်ဂျာများကို အတင်းအဓမ္မ ပေါ်တာဆွဲ၍ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ် အခြေစိုက်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ် (၁) စစ်ဗျူဟာ (အခြေချ) လက်အောက်ခံ အမှတ် (၃၇၈) အမြောက်တပ်မှ တပ်ရင်းမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး နေ၀င်း၏ အမိန့်အရဟု ဆိုကာ တပ်ကြပ်ကြီး မြင့်အေးသည် အောက်တိုဘာလ (၁၃) ရက်နေ့မှ စ၍ တပ်ရင်း အနီးရှိ လက်ဝဲဒက် ပုဇွန်ချောင်း၊ ကျောက်ဖြူတောင် ကျေးရွာများသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို ပေါ်တာဆွဲ၍ ခိုင်းစေမှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နေ့စဉ် နေ့တိုင်း လူပေါင်း (၄၀) ဦးခန့်ကို ကျွန်ဖမ်းသလို ဖမ်းဆီး၍ ဒေသခံ ရိုဟင်ဂျာ လယ်သမားများ ထံမှ အတင်း အဓမ္မ သိမ်းယူထားသည့် လယ်ယာမြေများ၌ လည်းကောင်း၊ တပ်ရင်း အတွင်းရှိ လုပ်ငန်း များတွင် လည်းကောင်း အတင်း အဓမ္မ စေခိုင်းမှုများ ပြုလုပ်နေသည့် အပြင် ညှဉ်းပန်း နှိပ်စက်မှုများပင် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

လုပ်အားခ မပေးဘဲ အလကားရသည့် ကျွန်များသဖွယ် ခိုင်းစေသည့် အပြင်၊ အစာရေစာ မကျွေးသော်လည်း ကိုယ်ပိုင် အစားအစာများကိုပင် စားခွင့် မပေးခြင်း၊ နားချိန်မပေးဘဲ တောက်လျှောက် ညဥ့်နက်သည့် အထိ ခိုင်းစေခြင်း၊ အလုပ်မလုပ်နိုင်သူ များကို ထိုးကြိတ်၍ ရိုက်နှက်ခြင်း၊ ရိုင်းစိုင်းစွာ ဆဲဆိုခြင်းများ ပြုလုပ်ကြောင်း သိရှိရပါသည်။

တပ်ရင်းအတွက် ငွေကျပ် သိန်း ၇၀ ကျော် အမြတ်ငွေ ရရှိမည့် ဆောင်းသီးနှံ စိုက်ဧက ၁၀၀ တွင် ဒေသခံ ရိုဟင်ဂျာများ လာရောက်၍ လုပ်အား မပေးပါက ရွာသားများကို မနေနိုင်အောင်၊ ဘင်္ဂလားဒေ့ရှ်ထိ ထွက်ပြေးရအောင် ပြုလုပ်မည်ဟု တပ်ကြပ်ကြီး မြင့်အေးက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံများက ဆိုသည်။

တပ်ကြပ်ကြီး မြင့်အေး ဆိုသူသည် တပ်ရင်းမှူးနှင့် ဝေစားမျှစား လုပ်နေသူ တစ်ဦး ဖြစ်ပြီး၊ တပ်ရင်း၏ အနီးအနားရှိ ရွာများ အတွင်းသို့ ၀င်ရောက်၍ ဒေသခံ ရိုဟင်ဂျာ အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်းပြီး ငွေညှစ်လေ့ ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အတင်း အဓမ္မ ခိုင်းစေမှု မရှိဟု ကြေညာထားသော်လည်း မောင်တော ခရိုင်ရှိ တပ်ရင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အတင်း အဓမ္မ ခိုင်းစေမှုကို နေ့စဉ် ကျူးလွန်လျက် ရှိသော်လည်း နိုင်ငံတော် အစိုးရမှ အရေးယူ ဆောင်ရွက်ခြင်း မရှိဘဲ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်ရမည့် မူဝါဒကြောင့် ဥပဒေမဲ့ လုပ်ရပ်များကို ခွင့်ပြု ထားသည်ကို တွေ့ရှိရပါသည်။

Comment ရေးရန်

Rohingya Exodus