နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းဖြန့်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့



RB News
4.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကုန်သွယ် လယ်ယာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ မဖြန့်မှီ ကြိုတင်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ည ၉ နာရီခွဲခန့် အချိန်တွင် ဘူးသီးတောင်မြို့နယ်ရှိ ကုန်သွယ် လယ်ယာရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု သတင်းများ မဖြန့်မှီ၊ ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ၊ လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်းနှင့် မောင်တောမြို့မှ စီးပွားရေး သမား အယောင်ဆောင် အစွန်းရောက်များ ဖြစ်ကြသည့် မောင်မောင်၊ ခင်မောင်ရွှေနှင့် ခင်အောင်ရွှေ တို့သည် ဘူးသီးတောင် မြို့နယ်ရှိ ရခိုင် အမျိုးသားပါတီ (ANP) ရုံးတွင် အစည်းအဝေး တစ်ရပ် ကျင်းပ၍ ကြိုတင် ပြင်ဆင် ခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ယင်းနေ့ ည ၉ နာရီခွဲခန့်မှ စ၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု ပြည်ပရှိ အသံလွှင့် မီဒီယာများနှင့် ပြည်တွင်း မီဒီယာများသို့ သတင်း ပေးပို့၍ အမှန်တကယ် ပေါက်ကွဲ သယောင် ပြုလုပ်ပြီး၊ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်။ အောက်တိုဘာလ (၃၁) ရက်နေ့ မတိုင်မှီ ၃ ရက်ခန့်မှ စ၍ မြို့နယ် အတွင်း လျှပ်စစ်မီး များကို ဖြတ်တောက် ထားခဲ့ပြီး၊ တယ်လီဖုန်းလိုင်း များဖြင့်လည်း ကောင်းမွန်စွာ ဆက်သွယ်၍ မရခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဗုံးပေါက်ကွဲသည်ဟု ပြောဆိုလျက် ရှိသည့် နေရာ အနီးတွင် အစိုးရ ဌာနဆိုင်ရာ ရုံးများနှင့် ရခိုင်လူမျိုးများ ပိုင်ဆိုင်သည့် ဆိုင်များသာ ရှိပြီး၊ ဆိုင် (၅) ဆိုင်သာလျှင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ဆိုင်များ ဖြစ်ပြီး၊ ၎င်းဆိုင်ရှင် များမှာလည်း ထိုနေရာနှင့် ဝေးလံသည့် နေရာများ နေထိုင်ကြောင်း သိရှိရပါသည်။ ညအချိန်ဖြစ်ပြီး ညမထွက်ရ အမိန့် အချိန် မရောက်သေးသော်လည်း လက်နက်ကိုင် အာဏာပိုင်များက မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်လေ့ ရှိသောကြောင့် ရိုဟင်ဂျာများ လမ်းသွားလမ်းလာ မပြုလုပ်သော အချိန်ဖြစ်ပါသည်။

ဗုံးပေါက်ကွဲသည်ဟု သတင်းဖြန့် ထားသည့် နေရာ အနီးတွင် ရခိုင် လူမျိုးပိုင် လဘက်ရည်ဆိုင် တစ်ဆိုင် ရှိပြီး၊ ၎င်းဆိုင်ကို နေ့ည ဖွင့်လှစ် ရောင်းချကြောင်း သိရှိရပါသည်။ ထိုနေရာ အနီးတွင် လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်းနှင့် မင်းမင်း ဆိုသူ၏ ဆိုင်များ ရှိပြီး၊ ဦးဇော်လင်းက ၎င်း၏ စီးပွားပြိုင်ဘက် ဖြစ်သူကို အကွက်ဆင်၍ ထိုးနှက်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပေါက်ကွဲမှု ဖြစ်ပွားသည်ဟု လုပ်ကြံမှု ဇတ်လမ်းကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ ကိုယ်တိုင် ဦးဆောင်ခဲ့ပြီး၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် လ.၀.က ဒု-ဦးစီးမှူး ဦးဇော်လင်း၏ စီးပွားပြိုင်ဘက် ဖြစ်သူ ဦးမာမတ်ဒူလ္လာနှင့် အခြား (၃) ဦးကို ဖမ်းဆီးခဲ့ပြီး၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် ဦးအာဘာရ်မျာ၊ နိုဝင်ဘာလ (၃) ရက်နေ့တွင် ဦးအာဘူအာမတ် (ဘ) ဦးဘော်ရှော်ရ် တို့ကို ထပ်မံ ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး အတင်း အဓမ္မ ၀န်ခံခိုင်း နေကြောင်း ဘူးသီးတောင် မြို့နယ် ရဲစခန်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်း သိရှိရပါသည်။ ဖမ်းဆီးခံ ထားရသည့် အပြစ်မဲ့ များကို မိသားစုများနှင့် တွေ့ဆုံခွင့် မပေးကြောင်း သိရှိရပါသည်။

မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ဘာလေမှ ပြည်ပ အခြေစိုက် အသံလွှင့် မီဒီယာများကို ပြောဆိုသည့် ဘင်္ဂလား ဆင်းမ်ကဒ် ဖမ်းဆီးရမိသည် ဆိုသည်မှာလည်း လုပ်ကြံ၍ ဖမ်းဆီးခြင်းသာ ဖြစ်ပြီး၊ အခြားသော ၀ါယာများ ရရှိသည်ဆိုမှာလည်း ကွန်ပျူတာ ဆိုင်ရှိ ကွန်ပျူတာနှင့် ဆိုင်သည့် ပစ္စည်းများမှ ၀ါယာများကို လုပ်ကြံ၍ ပြောခြင်းသာ ဖြစ်သည်ဟု ဒေသခံ များက RB News သို့ပြောပါသည်။

မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက်များ ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၆) ဦးကို မတရား သဖြင့် ထောင်ချမည်ကို ဒေသခံများက အထူး စိုးရိမ်လျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus