နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင် လက်နက်ကိုင် အဖွဲ့က ရိုဟင်ဂျာ ၃၂ ဦးကို ထိုင်းတွင် လူကုန်ကူးရန် ဖမ်းဆီးသွား



RB News
14.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ရခိုင် လူမျိုး တစ်ဦး ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ လေးစင်းမှ ရိုဟင်ဂျာ လူမျိုး စက်လှေ လုပ်သား (၃၂) ဦးကို ရခိုင် လက်နက်ကိုင် အဖွဲ့က ထိုင်းနိုင်ငံတွင် လူကုန်ကူးရန် ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၁၃) ရက်နေ့ ညပိုင်းတွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ရခိုင် အမျိုးသား တစ်ဦး ဖြစ်သူ ဦးသန်းဌေး (ခ) ဦးမောင်စောတင်၏ ငါးဖမ်း စက်လှေ လေးစင်းတွင် အလုပ်လုပ် ကိုင်နေသည့် ရိုဟင်ဂျာ လူမျိုး ငါးဖမ်း လုပ်သား (၃၂) ဦးကို ရခိုင် လက်နက်ကိုင် အဖွဲ့ (Arakan Army) က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး၍ ခေါ်ဆောင် သွားကြောင်း အလယ်သံကျော်မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးသန်းဌေး ပိုင်ဆိုင်သည့် ငါးဖမ်း စက်လှေ လေးစင်းတွင် ရိုဟင်ဂျာ လူမျိုး ငါးဖမ်း လုပ်သား (၄၀) ဦး ရှိခဲ့ပြီး၊ ၎င်းတို့ ငါးဖမ်း နေစဉ် ရခိုင် လက်နက်ကိုင် အဖွဲ့က (Arakan Army) အကြမ်းဖက် ရိုက်နှက်ရာ၊ လုပ်သား (၈) ဦး ပင်လယ်ထဲသို့ ခုန်ချ၍ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း၊ ကျန်သည့် (၃၂) ဦးကို ရခိုင် လက်နက်ကိုင် အဖွဲ့ (Arakan Army) က ၎င်းတို့ စီးနင်း လာသည့် ထိုင်းနိုင်ငံမှ လူကုန်ကူးသည့် စက်လှေ ပေါ်သို့ တင်ဆောင်၍ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

ရခိုင် လက်နက်ကိုင် အဖွဲ့ စီးနင်း လာသည့် စက်လှေ ပေါ်တွင် ရိုဟင်ဂျာ လူမျိုး ၂၀၀ ကျော်ခန့် တင်ဆောင် ထားပြီး၊ ပုံမှန် အတိုင်းဆိုလျှင် ထိုင်းလူကုန်ကူး စက်လှေပေါ်တွင် လိုက်ပါသူ ၆၀၀ ခန့်ရှိသော်လည်း၊ ယခုအခါ လိုက်ပါသူ နည်းပါးသဖြင့် ငါးဖမ်း နေသူများကို ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ထိုင်းနိုင်ငံတွင် ကျွန်အဖြစ် ရောင်းစားရန် ဖြစ်သည်ဟု ပင်လယ်ထဲသို့ ခုန်ချ ထွက်ပြေး လွတ်မြောက် လာသူများက ပြောပါသည်။

ရခိုင် လက်နက်ကိုင် အဖွဲ့ (Arakan Army) မှ အကြမ်းဖက် ခဲ့သည့် စက်လှေ လေးစင်းမှာ ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ပြီး၊ ရခိုင် အကြမ်းဖက် သမားများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရသူများ၏ သွေးများစွာ တွေ့ရှိရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရခိုင် လက်နက်ကိုင် အဖွဲ့ (Arakan Army) မှ အကြမ်းဖက် နေစဉ် နတ်မြစ်ဝ၌ လုံခြုံရေး တာဝန်ယူ ထားသည့် မြန်မာ့ ရေတပ်မှ သင်္ဘော သုံးစင်းက တွေ့ရှိသော်လည်း ၀င်ရောက် ကူညီ၍ ကယ်ဆယ်ခြင်း မရှိဘဲ၊ ၎င်းတို့နှင့် မဆိုင်သကဲ့သို့ မသိကျိုးကျွန် ပြုနေ ခဲ့ကြောင်း ထွက်ပြေး လွတ်မြောက် လာသူများက ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာ များကို လူမျိုးဖျောက် သန့်စင်ရန် အတွက် မြန်မာ အစိုးရမှ နည်းလမ်း အမျိုးမျိုး သုံးလျက် ရှိရာ၊ အစိုးရမှ ရခိုင် လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက် ခိုင်းခြင်း၊ ထိုင်းနိုင်ငံမှ စက်လှေများ ယူဆောင်လာ၍ ဒေသခံ ရိုဟင်ဂျာများ နိုင်ငံမှ ထွက်သွားချင် စိတ်ပေါက်လာအောင် မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် မြန်မာ့ တပ်မတော်မှ စစ်သားများက ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ပြခြင်း၊ စသည်ဖြင့် နည်းလမ်း အသွယ်သွယ် သုံး၍ အာဏာပိုင်များ ကိုယ်တိုင် ဦးစီး၍ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံသို့ လူကုန်ကူးမှုများ ပြုလုပ်လျက် ရှိကြောင်း လေ့လာ တွေ့ရှိရပါသည်။


Comment ရေးရန်

Rohingya Exodus