နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ အစိုးရရဲ့ အသုံးချခံ ဖြစ်နေရတဲ့ အမှောင်ထဲက ရခိုင်လူမျိုးများ

(ဓါတ်ပုံ - ရိုက်တာ)

နေဆန်းလွင်
RB News
9.12.2014

Press TV က မနေ့က ထုတ်လွှင့်တဲ့ Rohingyas: Still Unwanted ဆိုတဲ့ Documentary ကိုကြည့်ပြီး မရေးဖြစ် ခဲ့တာတွေ ရေးဖို့ အကြောင်းဖန် လာပါပြီ။

အစွန်းရောက် ဆိုတာ လူမျိုး အသိုင်းအ၀ိုင်း တိုင်းမှာ ရှိသလို၊ ရခိုင်လူမျိုး ထဲမှာလည်း အစွန်းရောက်တွေ ရှိပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး ရခိုင် အစွန်းရောက်တွေ ပိုများလာတယ်။ အဲဒီ အစွန်းရောက်တွေကို အစွန်းရောက်တွေ ဖြစ်လာအောင် နောက်ကွယ်ကနေ အစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ ကျောသပ် မွေးခဲ့ပြီး၊ အစွန်းရောက် တွေရဲ့ ဘာသာရေး မှိုင်းတိုက်မှုကြောင့် အခုဆိုရင် ရခိုင်လူမျိုးတွေဟာ အမှောင်ကိုသာ မြင်နေပါတော့တယ်။

အမှောင်တွေသာ မြင်နေရတဲ့ ရခိုင်လူမျိုးတွေရဲ့ ပါးစပ်ဖျားမှာ ရိုဟင်ဂျာ လူမျိုးတွေဟာ တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလီများ လို့သာ ၂၀၁၂ ခုနှစ်ကတည်းက ရေပန်းစား လာပါတယ်။ ရိုဟင်ဂျာတွေဟာ အမှန်တကယ် ခိုးဝင်လာသူတွေ ဟုတ်/မဟုတ် ဆိုတာ သိပေမယ့်လည်း ရခိုင်များရဲ့ အိပ်မက်၊ မြန်မာ အစိုးရရဲ့ မူဝါဒနဲ့ ၀ါဒဖြန့်မှုတွေကြောင့် အမှန်တရားကို ဖုံးကွယ်ဖို့သာ ကြိုးစားရင်းနဲ့ ကမ္ဘာ့အလယ်မှာ မြန်မာ အစိုးရနဲ့ တန်းတူ လူလိမ်များ အဖြစ် ရောထွေးပြီး အစွန်းရောက် ရခိုင်များလို့ နာမည်ဆိုးနဲ့ ကျော်ကြား လာတာတော့ စိတ်မကောင်းစရာ ပါဘဲ။

ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းများစွာ မနေဖူးပေမယ့်လည်း အရင်တုန်းက ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေရဲ့ ဆက်ဆံရေးကို သေချာ သိနေသူ တစ်ဦး ဖြစ်တဲ့ အပြင်၊ လူမှန်းသိတတ်တဲ့ အရွယ်မှာ ရခိုင်ပြည်ကို ပြန်လည် ရောက်ဖူးခဲ့သူ တစ်ဦး ဖြစ်တာကြောင့် ရခိုင်တွေက ရိုဟင်ဂျာတွေကို တကယ်မုန်းသလား၊ ဘယ်လူမျိုးကို ရင်ထဲက တကယ် မုန်းသလဲ ဆိုတာတော့ ကျွန်တော် သေချာ သိပါတယ်။ ၁၉၈၇ ခုနှစ်တုန်းက ကျွန်တော့်ရဲ့ ကိုယ်တွေ့ အတွေ့အကြုံ တစ်ခုကို ရေးပြမယ် ဆိုရင် တော်တော်လေး ရှင်းသွားမှာပါ။ သို့သော်လည်း လူမျိုး အချင်းချင်းကြား ပြဿနာ ဖြစ်ပွားအောင် လှုံ့ဆော်သလို ဖြစ်မယ့် အပေါစား ဆန်ဆန် အလုပ်ကို မလုပ်ချင်လို့ အဲဒီ အကြောင်းကို မရေးဘဲ Press TV ထဲမှာ မတရား သဖြင့် ပြောဆို သွားတာတွေကို ရေးပါမယ်။

မှိုင်းတိုက်ခံထားရတဲ့ ရခိုင်ဒုက္ခသည်များနဲ့ မြို့ပေါ်က ရခိုင်များ

၂၀၁၂ ခုနှစ် ဇွန်လမှာ မြန်မာအစိုးရက ဖန်တီးခဲ့တဲ့ အကြမ်းဖက်မှုများရဲ့ ရလာဒ်မှာ ရိုဟင်ဂျာပေါင်း တစ်သိန်းခွဲခန့် အတူ ရခိုင်လူမျိုး ငါးထောင်ကျော်လောက်လည်း ဒုက္ခသည်တွေ ဖြစ်လာပါတယ်။ အဲဒီ ဒုက္ခသည်တွေကို အစိုးရ လက်ပါးစေ ရခိုင် အစွန်းရောက်များနဲ့ အစိုးရ ကိုယ်တိုင်က ရိုဟင်ဂျာ ဒုက္ခသည်တွေက ဇိမ်နဲ့ နေနေရတယ်၊ အစားကောင်း သောက်ကောင်း စားနေရတယ်၊ နိုင်ငံတကာက ငွေကြေးတွေ အမြောက်အမြားတွေ ပေးနေတယ် စတဲ့ စကားလုံးများနဲ့ မှိုင်းတိုက် ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ အမှန်တကယ် ဘယ်လို နေရသလဲ ဆိုတာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေက ကမ္ဘာ့ အဆိုးရွားဆုံး ဒုက္ခသည် စခန်းလို့ ပြောတဲ့ စကားနဲ့တင် လုံလောက်ပါတယ်။

အထူးသဖြင့် စစ်တွေမြို့ အောင်မင်္ဂလာမှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ အရင် ရခိုင် အိမ်နီးချင်းတွေက ဆက်ဆံ ချင်နေပေမယ့်လည်း အစိုးရနဲ့ အစွန်းရောက်တွေက လုံးဝ ဆက်ဆံခွင့် မပေးတဲ့ အပြင်၊ အဲဒီကိုသွားရင် မင်းတို့ အသတ်ခံရလိမ့်မယ်လို့ ခြိမ်းခြောက် ထားပါတယ်။ အောင်မင်္ဂလာမှာ လက်နက် အပြည့်အစုံနဲ့ တိုက်ပွဲ စခန်းလို ရှိနေတဲ့ ပုံစံမျိုး စကားတွေ ပြောပြီး မှိုင်းတိုက်ပါတယ်။ အဲဒီလိုဘဲ အခြားမြို့နယ် တွေက ရခိုင်လူမျိုးတွေကိုလည်း အဲဒီလိုနည်းနဲ့ မှိုင်းတိုက် ထားတော့ အရင်တုန်းကလို အတူ ပြန်နေဖို့ နည်းလမ်း မရတော့တဲ့ အသွင် ဖြစ်နေပါပြီ။ ဖြစ်ပျက် နေတာတွေ အားလုံးရဲ့ အဓိက တရားခံက မြန်မာ အစိုးရပါဘဲ။ အစိုးရရဲ့ ဖန်တီးမှု အဆင့်ဆင့်ကို ရေးပြရမယ် ဆိုရင် စာအုပ် တစ်အုပ်လောက် ရေးရပါလိမ့်မယ်။

ရခိုင်ပြည်နယ်ကို သွားဖို့ အခွင့်အလမ်း မရှိသူ တစ်ယောက် အနေနဲ့ ရခိုင်ပြည်နယ်ကို သွားနိုင်သူတွေက တစ်ဆင့် နှစ်ဖက် အသိုင်းအ၀ိုင်းရဲ့ အသံတွေကို နားထောင်ပြီး အမှန်တကယ် ဖြစ်ပျက် ခဲ့တာက ဘယ်လို၊ အခု ဘာတွေ ဖြစ်ပျက် နေသလဲ ဆိုတာ လေ့လာ ဆန်းစစ်ရပါတယ်။ ၂၀၁၂ ခုနှစ်က စပြီး ယခုအချိန်ထိ ရခိုင် အဖွဲ့အစည်း တွေရဲ့ အသံ၊ ရခိုင် ဒုက္ခသည် တွေရဲ့ အသံ၊ မြို့ပေါ်က ရခိုင်တွေရဲ့ အသံတွေ အများကြီးကို ကျွန်တော်တို့ လေ့လာ ဆန်းစစ်ခဲ့တယ်။ အနှစ်ချုပ်ကို ပြောရမယ်ဆိုရင် ရခိုင် လူမျိုး အားလုံးဟာ အစိုးရ လက်ပါးစေ ရခိုင် အချို့နဲ့ မြန်မာ အစိုးရရဲ့ အသုံးချခံတွေ ဖြစ်နေရတယ် ဆိုတာပါဘဲ။

Press TV Documentary ပေါ်တက်လာတဲ့ မှိုင်းများ

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မှိုင်းတိုက်ခံထားရသူ တွေက ရိုဟင်ဂျာတွေက မိန်းမ ၅/၆ ယောက်ယူပြီး ကလေး ၄၀/၅၀ လောက်မွေးတယ်၊ ဘုန်းကြီးကျောင်းတွေကို မကြာခဏ မီးရှို့တယ်၊ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို သာသနာ ပြန့်ပွားဖို့ အတွက် ခဏခဏ မုဒိန်းကျင့်တယ်။ လူဦးရေ တိုးပွားလာရင် ပြည်နယ်ကို သိမ်းမယ်၊ နိုင်ငံ ထူထောင်မယ်၊ ဒါတွေပါဘဲ။

ရိုဟင်ဂျာတွေရဲ့ အိမ်ထောင်ရေးနဲ့ သားသမီး

မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာ လူမျိုး ၁၃ သိန်းကျော် ရှိပါတယ်။ ၁၃ သိန်းကျော်ရဲ့ တစ်ရာခိုင်နှုန်း ၁၃၀၀၀ မှာ မိန်းမ တစ်ယောက်ထက် ပိုရှိနေသလား ဆိုတာ မေးခွန်း ထုတ်ဖို့ လိုပါတယ်။ မိန်းမ တစ်ယောက်ထက် ပိုယူထားတဲ့ ရခိုင်တွေ ရှိသလို၊ ဗမာတွေ၊ အခြား လူမျိုးတွေ အများကြီးပါ။ သို့သော်လည်း ယူခြင်း/ မယူခြင်းက လူတစ်ဦး တစ်ယောက်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်လို့ - ရိုဟင်ဂျာ လူမျိုးမှ ဆိုပြီး ပြောခြင်းက မှန်ကန်တဲ့ လုပ်ရပ်တော့ မဟုတ်ဘူး။ အပေါစား အရမ်း ဆန်ပါတယ်။ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ တစ်ရာခိုင်နှုန်း မပြောနဲ့၊ တကယ်လို့ ၀.၀၁ ရာခိုင်နှုန်း လူပေါင်း ၁၃၀ က မိန်းမ တစ်ယောက်ထက် ပိုယူထားတာ ရှိတယ် ဆိုရင် ရိုးသားတဲ့ နည်းနဲ့ စာရင်း ပြုစုပြပါ။ သားသမီး (၇) ယောက်ထက် ပိုတဲ့ မိသားစု တစ်ရာခိုင်နှုန်း ရှိလား ဆိုတာကို စာရင်း ပြုစုပြပါ။

အစိုးရက လိမ်ညာ ၀ါဒဖြန့်မှု တစ်ခု

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကမ်တန်းနား လာတုန်းက ဓါတ်ပုံ တစ်ပုံ ပြခဲ့ပါတယ်။ မောင်တောမြို့နယ် တောင်ပိုင်း၊ အလယ်သံကျော်က ဦးဆယာဒူလ္လာ ဆိုတဲ့ လူရဲ့ မိသားစုဝင် တွေလို့ ဆိုပါတယ်။ အားလုံး ၈၂ ယောက်ပါ။ အဲဒီလူနဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းခဲ့ပါတယ်။ အစိုးရက ဘယ်လို ၀ါဒ ဖြန့်သလဲ ဆိုတော့ ဦးဆယာဒူလ္လာမှာ မိန်းမ လေးယောက် ရှိတယ်။ သားသမီး များလွန်းလို့ အိမ်ထောင်စု စာရင်းမှာ ၈၂ ယောက် ရှိတယ်လို့ ကမ္ဘာကို မောင်းတီး ပြပါတယ်။

တကယ် အမှန်တရားက - ဦးဆယာဒူလ္လာမှာ မိန်းမ (၃) ယောက် တရားဝင် ရှိတယ်။ သား ၁၄ ယောက်နဲ့ သမီး ၁၀ ယောက် စုစုပေါင်း ၂၄ ယောက်၊ ဆိုတော့ သူအပါအ၀င် မိသားစုဝင် အားလုံး (၂၈) ယောက်ကို (၈၂) ယောက်ဆိုပြီး ပြောင်းပြန် လုပ်လိုက်တာပါ။ ဦးဆယာဒူလ္လာရဲ့ သားသမီးတွေ အားလုံး ၂၀၁၂ ခုနှစ် မတိုင်ခင် ကတည်းက နိုင်ငံရပ်ခြားကို ထွက်သွားပါပြီ။ ဦးဆယာဒူလ္လာရဲ့ အိမ်ထောင်စု စာရင်းမှာ လူ (၅) ဦးသာ ရှိပါတယ်။ မယုံတဲ့သူတွေ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဈေးကုန်တန်း ကျေးရွာမှာ သွားပြီး လေ့လာနိုင်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ဦးဆယာဒူလ္လာလို (၃) ယောက် ယူထားသူ နောက်တစ်ဦး ရှိတယ်ဆိုရင် ရိုးသားတဲ့ နည်းနဲ့ လက်ညိုးထိုးပြပါ။

ဦးဆယာဒူလ္လာရဲ့ မိသားစု ဆိုပြီး ဓါတ်ပုံရိုက် လုပ်ကြံမှု

၂၀၁၂ ခုနှစ် ဇွန်လ အလွန်မှာ အလယ်သံကျော်ကို အစိုးရ အကြီးအကဲ တွေသွားပါတယ်။ အဲဒီမှာ မိသားစု အချို့ကို သီးသန့်ရွေးပြီး ဖိတ်တယ်။ ဦးဆယာဒူလ္လာ အပါအ၀င်ပါ။ အဲဒီမှာ လာတဲ့ မိသားစု အချို့ကို ဓါတ်ပုံ ရိုက်မယ် ဆိုပြီး ဦးဆယာဒူလ္လာက လူကြီး ဆိုတော့ အလယ်မှာထည့်၊ လုပ်ကြံ ဓါတ်ပုံ ဖန်တီးခဲ့တာပါ။ အဲဒီ ဓါတ်ပုံမှာ ဦးဆယာဒူလ္လာရဲ့ ဆွေမျိုး အချို့ ပါပေမယ့် သားသမီးတွေ၊ မိန်းမတွေ မပါပါဘူး။ အဲဒီ ဓါတ်ပုံကို ဘာကြောင့် ရိုက်သလဲ ဆိုတာ ဦးဆယာဒူလ္လာနဲ့ ဓါတ်ပုံထဲ ပါသူတွေ လုံးဝ မသိခဲ့ဘူး။

ဒီကိစ္စကို အစိုးရ အနေနဲ့ ဓါတ်ပုံထဲ ပါတဲ့ လူတွေ အားလုံးပါ မီဒီယာပေါ် ခေါ်ပြီး ရှင်းရဲလား မေးကြည့် ကြပါ။

နှစ်ပေါင်း ၄၀ လှောင်အိမ်ထဲက ရိုဟင်ဂျာ

ရိုဟင်ဂျာတွေကို လှောင်အိမ်ထဲမှာ ထည့်ထားတာ အခု ဆိုရင် နှစ်ပေါင်း ၄၀ ရှိပြီ။ အဲဒီ နှစ်ပေါင်း ၄၀ တင်မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ဘူးသီးတောင်၊ မောင်တောမှာ ဘုန်းကြီးကျောင်း မီးရှို့တာတွေ စာရင်းနဲ့ ထုတ်ပြပါ။ ပြီးတော့ မိန်းကလေး ဘယ်နှစ်ယောက်ကို မုဒိန်းကျင့်တယ် ဆိုတာ စာရင်း အတိအကျ၊ တရားခံ၊ တရားလို တို့ကိုပါ တွဲပြီး မီဒီယာပေါ် ထုတ်ပြပါ။ ပြီးတော့ သာသနာ ပြန့်ပွားဖို့ အတွက် မွတ်စလင်တွေက ဗုဒ္ဓဘာသာ ယူထားတာ အယောက် ၅၀ လောက် ရှိမယ်ဆိုရင်လည်း ထုတ်ပြပါ။ လက်ထပ်တယ် ဆိုတာ လူနှစ်ဦးရဲ့ လွတ်လပ်ခွင့်မို့ ဘယ်တုန်းကမှ မယူခဲ့ဘူးလို့ ပြောရင် လိမ်ရာကျပါလိမ့်မယ်။ သို့သော် စကားထဲ ထည့်ပြောရလောက်အောင်၊ ရေတွက် ရလောက်တဲ့ ကိန်းဂဏန်း မဟုတ်တာတော့ အမှန်ဘဲ။ ပါးစပ်က ပြောမယ်ဆိုရင် အကုန် ပြောလို့ ရပါတယ်။ သို့သော်လည်း ကိုယ့်ရဲ့ ပါးစပ်ကို တန်ဖိုး ရှိအောင် ထားဖို့ လိုပါတယ်။

မသီတာထွေးကို မုဒိန်း မကျင့်ခဲ့ဘူး ဆိုတာ ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်က အဖွဲ့ဝင်တွေ အားလုံးသိပါတယ်။ သို့သော်လည်း အဲဒီ အဖွဲ့ဝင်တွေ အားလုံးက အစိုးရ လက်ပါးစေ၊ ကျွန်တွေ ဖြစ်တဲ့ အတွက် အမှန်တရား ထွက်မလာ ခဲ့တာ။ မြန်မာ အစိုးရ အနေနဲ့ ဒီကိစ္စကို ရှင်းရဲတယ် ဆိုရင်လည်း ဆေးစစ်ခဲ့တဲ့ ဆရာဝန်နဲ့ပါ မီဒီယာပေါ် တက်လာဖို့ လိုပါလိမ့်မယ်။

အနှစ်ချုပ် ပြောရရင် ရိုဟင်ဂျာတွေက နိုင်ငံ ထူထောင်ချင်တာလား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရချင်တာလား ဆိုတာ နောက်ရေးမယ့် ဆောင်းပါးမှာ ထည့်ရေးပါမယ်။ Press TV ပေါ်မှာ ပြောသွားတဲ့ ဘုန်းကြီးနဲ့ RNDP အဖွဲ့ဝင် တို့ဟာ လက်ပါးစေ အဆင့် မဟုတ်ဘဲ၊ မှိုင်းတိုက်ခံ ထားရတဲ့သူတွေသာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဥာဏ်ကို အလွှာလိုက် မသုံးဘဲ ပြောသမျှ ယုံနေမယ် ဆိုရင်တော့ ကိုယ်ကိုယ်တိုင်လည်း လူလား မြောက်တဲ့ လူတစ်ဦး ဖြစ်လာတော့မှာ မဟုတ်ဘူး။ လက်ပါးစေ ဖြစ်တဲ့ ပါတီ အဖွဲ့အစည်း အကြီးအကဲ တွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် ရပိုင်ခွင့်၊ စည်းစိမ်၊ စီးပွားတွေ အတွက် အခြေခံ လူတန်းစားကို အသုံးချမယ်။ ကိုယ်ကိုယ်တိုင် အသုံးချခံ အဖြစ်မခံဘူး ဆိုရင် ဒီနေ့ ရခိုင်ပြည်နယ်မှာ ဒုက္ခသည် စခန်းဆိုတာ ရှိမှာ မဟုတ်သလို၊ မြန်မာ အစိုးရက ဂက်စ်တွေကိုလည်း မောင်ပိုင်စီးလို့ ရခဲ့မှာမဟုတ်ဘူး။


Comment ရေးရန်

Rohingya Exodus