နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆေးရုံမှ သယ်ယူလာသော အလောင်းကို နယ်ခြားစောင့် ရဲများက ရက်စက်စွာ ဘောလုံးကဲ့သို့ ကန်



RB News
5.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူ ကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး မောင်တော ဆေးရုံတွင် သေဆုံးခဲ့ပြီး၊ အလောင်းကို ရွာသို့ ပြန်ယူသွားသည့် အချိန်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အလောင်းကို ဘောလုံး ကန်သကဲ့သို့ ရက်စက်စွာ ကန်သည့် အပြင်၊ အလောင်းသယ်ယူ သွားသူ များထံမှ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီး ဒေါ်ဟာဆီနာ (ဘ) ဦးဖော်ဇော်အာမတ် (အသက် ၃၅ နှစ်) သည် နေအိမ်တွင် ကလေး မွေးဖွားရန် အခက်အခဲ ရှိသဖြင့် မိသားစုဝင်များက ၎င်းကို မောင်တော ပြည်သူ့ ဆေးရုံသို့ တင်ပို့ခဲ့သည်။ သို့သော်လည်း ဆေးရုံမှ ကောင်းမွန်စွာ ဆေးကုသ ပေးခြင်း မရှိသဖြင့် ဆေးရုံတွင်ပင် သေဆုံး သွားခဲ့သည်။

ဒီဇင်ဘာလ (၄) ရက်နေ့တွင် ၎င်း၏ ရုပ်အလောင်းကို ကားတစ်စီးဖြင့် ရွာသို့ ပြန်လည် သယ်ဆောင် သွားနေစဉ် ဥဒေါင်းရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများက အလောင်းသယ်ယူ သွားနေသူ နှစ်ဦးကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူသည့် အပြင်၊ ဒေါ်ဟာဆီနာ၏ ရုပ်အလောင်းကိုလည်း ရဲများက ဘောလုံးကန်သကဲ့သို့ သုံးကြိမ်တိုင်တိုင် လူမဆန်စွာ ရက်ရက်စက်စက် ကန်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လူမဆန်စွာ ရိုက်နှက်ခံရပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးအဒူရော်ကိမ်း (ဘ) ဦးဖော်ဇော်လ် (အသက် ၄၅ နှစ်)
(၂) ဦးအာဘူဟာလမ် (ဘ) ဦးဆီရာဇူ (အသက် ၃၈ နှစ်) -- တို့ဖြစ်ပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ အပေါ် လူမဆန်စွာ ရက်ရက်စက်စက် ပြုမှု ဆက်ဆံလျက် ရှိသည့် အပြင် ငွေကြေး အမြောက်အမြားကိုလည်း လိုင်စင်ရ ဓါးပြများကဲ့သို့ ညှစ်ယူလျက် ရှိသော်လည်း၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရတို့မှ မည်သည့်အခါမှ အရေးယူ ဟန့်တားခြင်း မရှိကြောင်း မောင်တော ခရိုင်ရှိ ဒေသခံ ရိုဟင်ဂျာ များက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus