နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ဒုရဲအုပ် တစ်ဦးက ငါးများနှင့် ဆိုင်ကယ် တစ်စီးကို လုယက်



RB News
29.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ပဒင်းကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး၏ ငါးများနှင့် ဆိုင်ကယ် တစ်စီးကို နယ်ခြားစောင့် ဒုရဲအုပ် တစ်ဦးက လုယက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၉) ရက်နေ့ မွန်းလွှဲ ၁း၃၀ နာရီ အချိန်ခန့်တွင် မောင်တောမြို့နယ် ပဒင်း ကျေးရွာမှ ငါးများကို ဆိုင်ကယ် နှစ်စီးဖြင့် သယ်၍ မြို့ပေါ်တွင် ရောင်းချရန် လာသည့် ဦးမာမတ်ရော်ဖိတ်နှင့် ၎င်း၏ သူငယ်ချင်း တစ်ဦးတို့ ငါးများနှင့် ဆိုင်ကယ် တစ်စီးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦးက လုယက် လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဦးမာမတ်ရော်ဖိတ်တို့ နှစ်ဦး ဆိုင်ကယ် နှစ်စီးဖြင့် ငါးများ သယ်ဆောင် လာစဉ် နူရူလ္လာရွာရှိ နယ်ခြားစောင့် ရဲကင်း စခန်းနှင့် တစ်ဖာလုံခန့် အကွာတွင် ဒုရဲအုပ် တစ်ဦးက ငါးများ ဟင်းသီးဟင်းရွက်များ လုယက် နေသည့် တွေ့သဖြင့် ရှောင်၍ သွားရန် ကြိုးစား သော်လည်း ရဲဝတ်စုံ မ၀တ်ထားသော အခြားသော ဒုရဲအုပ် တစ်ဦးက ရပ်ရန် တားခဲ့သည်။ သို့သော်လည်း ငါးများ လုယက်ခံရမည်ကို စိုးရိမ်၍ ဆိုင်ကယ်များကို အမြန်မောင်းနှင်၍ ထွက်ပြေး ခဲ့သော်လည်း ၎င်းတို့ကို တားသည့် ဒုရဲအုပ်က နောက်မှ ဆိုင်ကယ်ဖြင့် လိုက်လာပြီး၊ ဘဂုံးနား ဈေးအနီးတွင် ၎င်းတို့ထံမှ ငွေကျပ် တစ်သိန်းဖိုးရှိ ငါးများနှင့် ရပ်ထားသည့် ဆိုင်ကယ် တစ်စီးကို လုယက် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဦးမာမတ်ရော်ဖိတ်သည် လူမဆန်စွာ ရိုက်နှက် ခံရမည်ကို စိုးရိမ်၍ ဘဂုံးနားဈေး အနီးမှ တိမ်းရှောင် သွားခဲ့ပြီး၊ ၎င်းနှင့် လိုက်ပါလာသူ သူငယ်ချင်း ကလည်း ဆိုင်ကယ် မောင်း၍ တိမ်းရှောင် သွားခဲ့သည်ဟု ဆိုသည်။

နူရူလ္လာရွာ အရဗီ တက္ကသိုလ် ကျောင်းအနီးရှိ နယ်ခြားစောင့် ရဲကင်းစခန်းမှ ဒုရဲအုပ်သည် ယခုကဲ့သို့ ငါးများ၊ ဟင်းသီး ဟင်းရွက်များ လုယက်ခြင်းကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသလို၊ အလယ်သံကျော် ကမ်းခြေမှ တပိုင်တနိုင် ငါးဝယ်၍ ပြန်လည် ရောင်းချသူ များမှာ နယ်ခြားစောင့် ရဲကင်းစခန်း များ၏ လုယက်ခြင်းကို နေ့စဉ် ခံနေရကြောင်း ဒေသခံများက ပြောပါသည်။ အလယ်သံကျော်မှ မောင်တော မြို့ပေါ်သို့ ၁၂ မိုင်သာ ကွာဝေးသော်လည်း လမ်းတွင် နယ်ခြားစောင့် ရဲကင်း စခန်း ၂၀ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus