နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊တင်၊စစ် ခေါင်းစဉ်တပ်၍ ကြီးမားသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေ



Rohingya Eye
RB News
15.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်းတွင် ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ယခင် န.စ.က ၏ ဆွဲ၊တင်၊စစ် လုပ်ငန်းကို ပြန်လည် စတင်ခဲ့ရာ ဒေသခံ ရွာသားများ ပါဝင်၍ စစ်ဆေး မခံသဖြင့် ရွာတာဝန်ခံ တစ်ဦးနှင့် ရပ်မိရပ်ဖ တစ်ဦးကို ဖမ်းဆီးပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ အခြားသော လူ့အခွင့်အရေး ချိုးဖောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီ (၁၃) ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း မီးတိုက် ကျေးရွာ (ဖေါ်ခီးရ်တောင်) အခြေစိုက် စစ်တပ်စခန်းမှ စစ်သားများက မောင်တောမြို့နယ် တောင်ပြိုလက်ယာ ကျေးရွာမှ ရွာတာဝန်ခံ ဦးအာဖ်တာရ် အာလမ်နှင့် ရပ်မိရပ်ဖ ဖြစ်သူ မော်လ၀ီ ဦးနော်ဇီမူလ်ဟောက် (အသက် ၄၅ နှစ်) တို့ကို တောင်ပြိုလက်ယာ ရွာမှ ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဆွဲ၊တင်၊စစ် တွင် ပါဝင်ခြင်း မရှိဟု ဆိုကာ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားပြီး တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ဇန်န၀ါရီလ (၁၄) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဆွဲ၊တင်၊စစ်ကို ယခင်က န.စ.က က ပြုလုပ်ခဲ့ပြီး၊ ယခုအခါ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ပြုလုပ်လျက် ရှိခြင်း ဖြစ်သည်။ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ အချို့ကျေးရွာ များတွင် အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်လျှင် ငွေကျပ် ၁၀၀၀၊ အမည်သစ် တင်လျှင် ငွေကျပ် ၂၀၀၀၊ ကို မ.က.ဖ မှ ကောက်ခံလျက် ရှိပြီး၊ မောင်တောနှင့် တောင်ပြိုလက်ဝဲရှိ အခြားသော ကျေးရွာများတွင် ငွေကျပ် ၂၅၀၀၀ ထိကောက်ခံသည်များ ရှိနေသည်။

ထို့အပြင် ဇန်န၀ါရီလ (၁၄) ရက်နေ့က တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စုတွင် ဆွဲ၊တင်၊စစ် အဖွဲ့ကို ထမင်း မကျွေးဟု ဆိုကာ အလယ်ရွာမှ ရာအိမ်မှူး ဦးကာမာလ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၂) တပ်ရင်း၊ စခန်း အမှတ် (၁၀) မှ စခန်းမှူး ဒုရဲအုပ် မင်းဇံက လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဆွဲ၊တင်၊စစ် ကို ယခင် န.စ.က လက်ထက်တွင် နှစ်နှစ်ဆယ်ခန့် ဥပဒေမဲ့ ပြုလုပ်ခဲ့ပြီး၊ ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည်။ ဆွဲ၊တင်၊စစ် ဟူ၍ ခေါင်းစဉ်တပ်ကာ အမျိုးသမီး များကို ဓါတ်ပုံရိုက်ရာတွင် ပုဝါခြုံခွင့်မပြုခြင်း၊ ဘူရ်ခါ (ခြုံထည်) ၀တ်ခွင့် မပြုခြင်း၊ မော်လ၀ီ (ဘာသာရေး ဆရာ) များကိုလည်း ၎င်းတို့၏ ၀တ်စုံ (ကုရ်သာ) နှင့် ဦးထုပ်များကို ချွတ်ခိုင်းခြင်းမှာ ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်သည်။

ရိုဟင်ဂျာ လူမျိုး တစ်မျိုးကိုသာလျှင် ခွဲခြား၍ ယခုကဲ့သို့ ဆွဲ၊တင်၊စစ် ပြုလုပ်နေခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်း မရှိဘဲ၊ အစိုးရက အာဏာအလွဲသုံးစား ပြုလုပ်၍ လူ့အခွင့်အရေး ချိုးဖောက်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဒေသခံ အများအပြားက မပါဝင်ရန် ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။

Comment ရေးရန်

Rohingya Exodus