နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆော်ဒီအာရေဗျာ ဘုရင် အဗ္ဗဒူလ္လာ ကွယ်လွန်၊ အိမ်ရှေ့ မင်းသားကြီး ဆလ်မာန် ဘုရင် ဖြစ်လာ



RB News
23.1.2015

ရီယာဒ် ။ ။ ဆော်ဒီအာရေဗျာ ဘုရင် အဗ္ဗဒူလ္လာ ယနေ့ သောကြာနေ့ နံနက် ၁ နာရီမှာ ကွယ်လွန် သွားပြီလို့ ဆော်ဒီအာရေဗျာ အစိုးရပိုင် ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။ ကွယ်လွန်သွားတဲ့ ဘုရင်ရဲ့ အရိုက်အရာကို အိမ်ရှေ့ မင်းသားကြီး ဆလ်မာန်က ဆက်ခံမှာ ဖြစ်တယ်လို့ ထည့်သွင်း ကြေညာခဲ့တယ်။

ကွယ်လွန် သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာဟာ အသက် ၉၀ နှစ် အရွယ်ရှိပြီး ၁၉၉၆ ခုနှစ်လောက် ကတည်းက ဘုရင် ဖာ့ဒ်ရဲ့ တာဝန်များကို ထမ်းဆောင် ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဘုရင် ဖာ့ဒ် ကွယ်လွန်ပြီး နောက်မှာ ဘုရင် ဖြစ်လာခဲ့တာပါ။ ဘုရင် အဗ္ဗဒူလ္လာရဲ့ လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံ ပိုမိုကောင်းမွန် လာခဲ့ပြီး၊ နိုင်ငံအတွင်းမှာ အမျိုးသမီး များကို နိုင်ငံရေးနဲ့ စီးပွားရေး အခန်း ကဏ္ဍတွေမှာ ပိုမိုပါဝင် လာနိုင်အောင် အခွင့်အလမ်းများ ဖန်တီးခဲ့သူ ဖြစ်တယ်လို့ နိုင်ငံတကာက ရေးသားဖော်ပြမှုများ အများအပြား ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုကို လိုလားသူ အဖြစ် ကျော်ကြားလာခဲ့သလို၊ မြန်မာ အပါအ၀င် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံ အတော်များများကိုလည်း ထောက်ပံ့မှု အများအပြား ပြုလုပ်ခဲ့တယ်။

ရီယာဒ်မြို့မှာ ရှိတဲ့ တော်ဝင်နန်းတော်က ဘုရင် အဗ္ဗဒူလ္လာ အဆုတ်ရောဂါ ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရလို့ ဒီဇင်ဘာလက စပြီး ဆေးရုံမှာ ရက်အတော်ရှည် ဆေးကုသမှု ခံယူခဲ့တယ်လို့ ဆိုပါတယ်။

အခု ဆော်ဒီဘုရင်ရဲ့ အရိုက်အရာကို ဆက်ခံလိုက်တဲ့ ဘုရင် ဆလ်မာန်က ကွယ်လွန်သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာရဲ့ ဖအေတူ မအေကွဲ ညီအစ်ကို ဖြစ်ပြီး အသက် ၇၉ နှစ် အရွယ်ရှိပြီး၊ ၂၀၁၂ ခုနှစ် ကစပြီး အိမ်ရှေ့ မင်းသားကြီး ဖြစ်ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်စပြီး ကာကွယ်ရေး ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။ လစ်လပ်သွားတဲ့ အိမ်ရှေ့ မင်းသားကြီး နေရာမှာ မူက်ရီးန်က ဆက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ ဘုရင် ဖြစ်လာတဲ့ ဆလ်မာန်ကလည်း ကွယ်လွန် သွားတဲ့ ဘုရင် အဗ္ဗဒူလ္လာလို ပြုပြင် ပြောင်းလဲရေး လိုလားသူ တစ်ယောက် ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းများမှာ ရေးသား ဖော်ပြထားပါတယ်။

ဘုရင် အဗ္ဗဒူလ္လာရဲ့ ရုပ်ကလာပ်ကို ရီယာဒ်မြို့မှာဘဲ ယနေ့ ညနေပိုင်းမှာ သဂြိုဟ်မှာ ဖြစ်ပါတယ်။

Comment ရေးရန်

Rohingya Exodus