နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲတွင် ဓါးပြတိုက်သည့် ဂိုဏ်းများကို အကာအကွယ် ပေးထား၍ မဖြိုနိုင်သေး



RB News
29.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ရခိုင် လက်နက်ကိုင်များ ပါဝင်သော ဓါးပြဂိုဏ်း၊ ရေတွင်းပြင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ကျောထောက် နောက်ခံ ပေးထားသည့် ဓါးပြဂိုဏ်းနှင့် ကျွန်းပေါက် ပြုစု ကျေးရွာ အုပ်စုမှ ဦးအီဆုပ် ဆိုသူ ဦးဆောင်သည့် ဓါးပြဂိုဏ်း တို့က လိုင်စင်ရ ဓါးပြများ သဖွယ် သောင်းကျန်းနေသော်လည်း အာဏာပိုင်များက ပြည်သူများကို ကာကွယ်ပေးမှု နည်းပါး သောကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းကို ဓါးပြများ လက်ထဲသို့ အပိုင်စား ပေးလိုက်ပြီလားဟု ဒေသခံများက မေးခွန်း ထုတ်နေကြသည်။

တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ နယ်မြေ (၄) အပိုင် တစ်ခုတည်းတွင် တစ်လအတွင်း -- စံကားပင်ရင်း ကျေးရွာမှ ဦးရှောမ်ရှု အိမ်ကို ဓါးပြတိုက်၍ ငွေသား သိန်းပေါင်းများစွာနှင့် ရွှေ ၅ ကျပ်သားကို ၂၀၁၄ နိုဝင်ဘာလ ၂၈ ရက်နေ့က လုယက်သွားသည့် အပြင် ဦးရှော်မ်ရှု၏ သားဖြစ်သူကို ပြန်ပြေးဆွဲ၍ (၆) ရက်ကြာ ထိန်းသိမ်းထားပြီး ငွေကျပ် သိန်း ၉၀ ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ ထိုအမှုနှင့် ဆက်စပ်၍ ဓါးပြ တရားခံ နှစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ ထို့အပြင် ကျွန်းပေါက် ဆင်အိုး ကျေးရွာတွင်လည်း ကိုမူဂျို (ဘ) ဦးနူရ်မာမတ်၏ နေအိမ်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ဓါးပြတိုက်ရာတွင် ငွေသားများ၊ အဖိုးတန် ပစ္စည်းများ၊ အ၀တ်အထည်များ လုယက် သွားခဲ့သည့် အပြင် ကိုမူဂျို၏ ဇနီး၏ နားမှ နားကပ် ဖြုတ်ယူစဉ် နားအုံပါ ဖြတ်ခံခဲ့ရသည်။ ဓါးပြများက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရွာသား (၃) ဦး ဒဏ်ရာ ရရှိခဲ့သည်။ ဤဖြစ်စဉ်များနှင့် ပတ်သက်၍ ၂၀၁၄ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် RB News ၌ သတင်း ရေးသား ဖော်ပြခဲ့သည်။

ယခုလ ၂၅ ရက်နေ့ ည သန်းခေါင်ယံ တစ်နာရီ အချိန်တွင်လည်း ကျွန်းပေါက်ပြုစု ကျေးရွာမှ ဦးအီဆုပ် ဦးဆောင်သည့် ဓါးပြဂိုဏ်းနှင့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ကျောထောက် နောက်ခံ ပေးထားသည့် ဓါးပြဂိုဏ်းများသည် ကျောက်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်မာမတ်၏ နေအိမ်ကို တပ်မတော်သားများ အယောင်ဆောင်၍ ၀င်ရောက်ပြီး ဓါးပြတိုက်၍ ရွှေ ၅ ကျပ်သားခန့်၊ ငွေကျပ် ဆယ်သိန်းနှင့် အ၀တ်အထည်များ လုယက် သွားခဲ့သည်။ ထိုအမှုနှင့် ပတ်သက်၍ ဦးအီဆုပ်၏ ယောက္ခမ ဖြစ်သူ ဦးအူမောရ်မျာနှင့် သမီး၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာမှ ဦးကမာလ် (ဘ) ဦးအော်ဆီရာမန် တို့အား ဖမ်းဆီး၍ စစ်ဆေးလျက် ရှိနေသော်လည်း ကွင်းဆက် တရားခံများကို ဖော်ထုတ် အရေးယူခြင်း မပြုလုပ်ဘဲ ကြိမ်ချောင်း ရဲစခန်းမှ စခန်းမှူး ဒုရဲအုပ်ဘိုဘိုက ဥပဒေကို ငွေကြေးဖြင့် အလဲအလှယ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဓါးပြတိုက်မှု ပပျောက်ရေးနှင့် ကွင်းဆက် တရားခံများ ဖော်ထုတ်ရေး အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ဒုရဲမှူးကြီး သီဟန်နှင့် ရဲမှူး တင်ဇော်ဦးတို့က ဆောင်ရွက်လျက် ရှိသည်ကို ဒေသခံများက ကြိုဆို၍ ၀ိုင်းဝန်းကူညီလျက် ရှိသော်လည်း ကွင်းဆက် တရားခံများထံမှ ငွေကြေးယူ၍ အမှုနှင့် တရားခံများ မမိအောင် ကာကွယ်ပေးနေသည့် ကြိမ်ချောင်း ရဲစခန်းမှူး ဒုရဲအုပ်ဘိုဘိုကြောင့် ဒေသခံများ စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဓါးပြတိုက်မှုများ ပပျောက်ရေး အတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု ကတိများ အကြိမ်ကြိမ် ပေးခဲ့သောကြောင့် ဒေသခံများက မိမိတို့၏ ဥစ္စာ ပစ္စည်းများ လုံခြုံလာလိမ့်မည်ဟု မျှော်လင့် နေကြသော်လည်း ကွင်းဆက် တရားခံများကို မဖမ်းဆီး သေးသည့်အတွက် အသက်အိုးအိမ် စည်းစိမ်များ အတွက် ပူပန်နေရသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus