နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ လူကုန်ကူးသူ တစ်ဦး ကလေးများကိုပါ လူကုန်ကူးလျက်ရှိ



MYARF
RB News
23.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ  ကျေးရွာမှ လူကုန်ကူးသူ တစ်ဦးက နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ကလေးများကိုပါ လူကုန်ကူးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ လူကုန်ကူး နေသည့် ဦးအဒူလ်ဟာရှိမ်း (ဘ) ဦးအီဆက်သည် ထိုင်းနှင့် မလေးရှားသို့ သွားရန် လိုက်လံ စည်းရုံးပြီး ကျောက်ပန္ဒူ ကျေးရွာမှ ဦးဖေယောဒ်အူလ္လာ (ဘ) ဦးကာဆိမ်း၏ စက်လှေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် အသင့်စောင့် နေသည့် ထိုင်းနိုင်ငံမှ စက်လှေကြီး အထိ ပို့ဆောင် ပေးလေ့ ရှိသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့က လူတစ်ဦး အတွက် ငွေကျပ် နှစ်သောင်း ယူပြီး၊ ကျန်သည့် ငွေများကို စက်လှေသမား များနှင့် ဦးအဒူလ်ဟာရှိမ်းတို့ ခွဲဝေယူကြောင်း သိရသည်။ ၎င်းက လူများစုဆောင်းရာတွင် အရွယ်မရောက်သေးသော ကလေးငယ် များကိုပင် လမ်းဘေးက အတင်းအဓမ္မ ဆွဲခေါ်ပြီး စက်လှေပေါ်သို့ တင်ဆောင် ပေးလေ့ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကျောက်ပန္ဒူ ကျေးရွာမှ ဦးဖော်ဇောလ်၏ ၁၂ နှစ် အရွယ်သား ဖြစ်သူ ဆော်လီမူလ္လာသည် ယာခင်းစောင့်နေစဉ် ဦးအဒူလ်ဟာရှိမ်းက အတင်းအဓမ္မ ဆွဲခေါ်သွားပြီး စက်လှေပေါ်တင်၍ ခေါ်ဆောင် သွားခဲ့သည်။ ယခုအခါ အဆိုပါ ကလေးငယ်သည် ထိုင်းနိုင်ငံရှိ ဦးအဒူလ်ဟာရှိမ်း၏ ညီအစ်ကိုများ ဖြစ်သော ဦးအဘာစ်နှင့် ဦးအစ္စလာမ် တို့လက်ထဲ ရောက်ရှိသွားပြီး၊ ၎င်းတို့ တောင်းသည့် ငွေကြေး ပမာဏကို မပေးနိုင်သဖြင့် ထိန်းသိမ်း ထားကြောင်း သိရှိရသည်။

ဦးအဒူလ်ဟာရှိမ်းသည် နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ၁၈-၁-၂၀၁၅ ရက်နေ့က လူ (၁၅) ယောက်၊ ၁၇-၁-၂၀၁၅ ရက်နေ့က လူ (၁၅) ယောက်၊ ၁၅-၁-၂၀၁၅ ရက်နေ့က လူ (၈) ယောက်၊ ၁၄-၁-၂၀၁၅ ရက်နေ့က လူ (၅) ယောက်၊ ၃-၁၂-၂၀၁၄ ရက်နေ့ လူ (၂၇) ယောက်နှင့် ၂၇-၁၁-၂၀၁၄ ရက်နေ့ လူ (၈၀) ယောက် စုဆောင်း၍ လူကုန်ကူး ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။
လူကုန်ကူးမှု လုပ်ငန်းကို အထူးသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ဦးစီး၍ လုပ်ကိုင်လျက် ရှိပြီး၊ ၎င်းတို့နှင့် အတူ ဒေသခံ အချို့ကို ကော်မရှင်စား အဖြစ် ထား၍ တရားဝင် စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် လုပ်ကိုင်လျက် ရှိကြသည်။ အထက် အာဏာပိုင်များ အားလုံးမှ သိရှိသော်လည်း ဒေသခံ ရိုဟင်ဂျာ ထွက်သွားခြင်းသည် အစိုးရ အတွက် မင်္ဂလာ တစ်ပါး ဖြစ်သည့် အတွက် နှုတ်ဆိတ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus