နောက်ဆုံးသတင်း/ဆောင်းပါးများ

မတော်တဆ ဆိုင်ကယ်တိုက်မိ၍ ကာယကံရှင် ကြေအေး ပေးလျှင်လည်း နယ်ခြားစောင့်ရဲများ ငွေညှစ်




MYARF
RB News
28.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတော်တဆ ဆိုင်ကယ် တိုက်မိသူများ ငွေညှစ်ခံရနေသည့် အပြင် ဒဏ်ရာရသူကို ဆေးကုသ စရိတ် မပေးဘဲ၊ ရွာအုပ်ချုပ်ရေးမှ လျော်ကြေးငွေကို ဖြတ်စားခြင်း ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာမှ ဥက္ကဌ ဟောင်း ဦးအီဒိရီစ် (ဘ) ဦးမိုဟာမတ် ရှော်ဘီသည် ဆိုင်ကယ်စီး၍ ကျားခေါင်းတောင် ကျေးသို့ သွားနေစဉ် ကျားခေါင်းတောင် ကျေးရွာမှ ဦးဆော်ယာဒ်အာလမ် (ဘ) ဦးရှုနာမျာနှင့် ဦးနော်ဇိရ်အာမတ် (ဘ) ဦးအာဘူးလူး တို့လည်း ဆိုင်ကယ် တစ်စီးဖြင့် သွားနေကြရာ ကျားခေါင်းတောင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှေ့တွင် ဦးအီဒိရီစ်က ဦးဆော်ယာဒ်အာလမ်၏ ဆိုင်ကယ်ကို မတော်တဆ ၀င်တိုက်မိခဲ့သည်။ ဆိုင်ကယ် တိုက်မှုကြောင့် ဦးဆော်ယာဒ်အာလမ် သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဦးနော်ဇိရ်အာမတ်လည်း အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဆိုင်ကယ်လည်း ပျက်စီးသွားခဲ့သည်။ အဆိုပါ ဆိုင်ကယ်တိုက်မှုနှင့် ပတ်သက်၍ ကျားခေါင်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာ၊ ရပ်မိရပ်ဖ ဦးအာဂျီမုလ်ခါန် တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အတူ ပူးပေါင်း၍ ဦးအီဒိရီစ်အား ငွေကျပ် ၄ သိန်း ဒဏ်ငွေ အဖြစ် ပေးဆောင်ရမည်ဟု ပြောဆိုပြီး၊ ငွေကျပ် ၂ သိန်းကို ချက်ချင်းယူ၍ ကျန် ၂ သိန်းကို အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာမှ တဆင့် ဒဏ်ရာပြင်းထန်စွာ ရရှိသူ ဦးဆော်ယာဒ်အာလမ်ကို ပေးရန် ပြောဆိုခဲ့သည်။ လက်ငင်း ရယူသည့် ငွေကျပ် ၂ သိန်းမှ တစ်သိန်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ပေးပြီး၊ ကျန် တစ်သိန်းကို အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက ခွဲဝေ ယူခဲ့သည်။

ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဦးဆော်ယာဒ်အာလမ်ကို ကျေးရွာမှ ကျန်းမာရေး လုပ်သား တစ်ယောက် ခေါ်၍ ဆေးကုသ ပေးခဲ့သည်။ သို့သော် အဆိုပါ ကျန်းမာရေး လုပ်သားကို ရွာအုပ်ချုပ်ရေးမှူးက ဆေးကုသခ မပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဦးအီဒိရီစ်ထံမှ ရရှိသည့် လက်ကျန်ငွေ ၂ သိန်းကို ဆိုင်ကယ်တိုက်ခံရသူ ဦးဆော်ယာဒ် အာလမ်ကို ပေးရန် မူလက သဘောတူခဲ့သော်လည်း အမှန်တကယ် ငွေရရှိသည့် အခါ ဦးဆော်ယာဒ်အာလမ်ကို မပေးဘဲ အုပ်ချုပ်ရေး ဦးရော်ရှိတ်အုလ္လာက အပိုင် စားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ပျက်စီးသွားသော ဆိုင်ကယ်ကိုလည်း နယ်ခြားစောင့် ရဲကင်းစခန်း ရှေ့ရှိ လမ်းဘေးတွင် ချထားကြောင်း သိရသည်။

ကျောက်ပြင်ဆိပ် ကျေးရွာ

လွန်ခဲ့သည့် ရက် ၂၀ ခန့်က ကျောက်ပြင်ဆိပ် ကျေးရွာမှ မော်လ၀ီ အာဘူဆော်လာမ် (ဘ) ဦးအာဖောစ်အူဒင်က ၅ နှစ်သား အရွယ်ရှိ ကလေးတစ်ဦးကို မတော်တဆ ဆိုင်ကယ်ဖြင့် တိုက်မိခဲ့ပြီး၊ တိုက်ခံရသည့် ကလေး ဒဏ်ရာ ရရှိခဲ့သည်။ ကလေးကို ဆေးကုသပေးပြီး သက်သာလာသည့် အခါ မိဘများနှင့် ကြေအေးမှု ရရှိခဲ့သည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မော်လ၀ီ အာဘူဆော်လာမ်ကို ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့လည် ၂း၃၀ နာရီအချိန်တွင် ဆင့်ခေါ်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းကျေးရွာမှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးဘေးဒူက ဆိုင်ကယ် မောင်းနှင် သွားစဉ် နောက်မှ လိုက်ပါလာသူ တစ်ဦး ပြတ်ကျ ကျန်ခဲ့သည့် အတွက်ဟု ဆိုကာ နယ်ခြားစောင့် ရဲများက ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် သရက်အုပ် ကျေးရွာမှ ဦးမိုဟာမတ်ဆော်လမ်သည် ကျောက်ပြင်ဆိပ် ကျေးရွာရှိ နယ်ခြားစောင့် ရဲကင်းစခန်း ရှေ့မှ ဆိုင်ကယ် စီးသွားစဉ် နယ်ခြားစောင့်ရဲများက ခေါ်ပြီး၊ ဆိုင်ကယ်နောက်တွင် ပါလာသူ တစ်ဦး ထွက်ပြေး သွားသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သောင်း ညှစ်ယူခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus