နောက်ဆုံးသတင်း/ဆောင်းပါးများ

ဂေါ်ဒူသာရမှ အမှုတစ်ခုနှင့် မသက်ဆိုင်သူ များကို ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားနေ



Rohingya Eye
RB News
17.1.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာမှ အမှုတစ်ခုနှင့် မသက်ဆိုင်သူများကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဦးဟာဖီဇူလ္လာ (ဘ) ဦးဆုလ်တာန် (အသက် ၂၈ နှစ်) တွင် အလယ်သံကျော် ဈေးတွင် လဘက်ရည်ဆိုင် ဖွင့်၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ ဖြစ်သည်။ ၎င်း၏ မိသားစုဝင် တစ်ဦးကို ဂေါ်ဒူသာရရှိ တံတား ကင်းစခန်းတွင် ဆေးပြား အချို့ဖြင့် ဖမ်းဆီးမိခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးဟာဖီဇူလ္လာ၏ ဆိုင်ကယ်ကို ငှားစီးသော အလယ်သံကျော်ရွာမှ မော်လ၀ီ ဟာမိတ်ကိုလည်း အမှုနှင့် ဆက်စပ်နေသည်ဟု ဆိုကာ ရဲမှူး ငြိမ်းချမ်းအေးက ဖမ်းဆီး၍ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။ မော်လ၀ီ ဟာမိတ်သည် ဆိုင်ကယ်ငှား စီးခြင်းသာ ဖြစ်ပြီး ဦးဟာဖီဇူလ္လာနှင့် ၎င်း၏ မိသားစုဝင်များနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိဟု အကြိမ်ကြိမ် ရှင်းပြ ခဲ့သော်လည်း ရဲမှူး ငြိမ်းချမ်းအေးက ငွေကျပ် ၁၀ သိန်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ အမှုကို အကြောင်းပြ၍ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ ဦးကျော်ဇေယျဦး တို့သည် ရဲမှူး ငြိမ်းချမ်းအေး လက်မှတ်ထိုးထားသည့် စာတစ်စောင်ကို ကိုင်ဆောင်၍ ဖမ်းဆီးခံထားရသူက ထွက်ဆိုသည်ဟု ဆိုကာ အလယ်သံကျော် ဈေးတွင် ဆိုင်ကယ် ပြုပြင်သူ ချိန်ခါလီရွာသား ဦးအေနာယာဒ်အူလ္လာ (ဘ၀ ဦးအဒူမော်ဂျီး ထံမှ ငွေကျပ် ၅ သိန်း၊ လဘက်ရည်ဆိုင် ပိုင်ရှင် ဖြစ်သူ ဦးဟာဖီဇူလ္လာ (ဘ) ဦးဆုလ်တာန် ထံမှ ငွေကျပ် ၁၀ သိန်းကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက် အကျပ်ကိုင်၍ တောင်းခံလျက် ရှိသောကြောင့် ဆိုင်မဖွင့်ရဲတော့ဘဲ ရှောင်တိမ်း နေရကြောင်း သိရသည်။ ထို့အပြင် ဦးမောင်သက်နိုင်နှင့် ဦးကျော်ဇေယျဦး တို့သည် အဆိုပါ စာရွက်ဖြင့် အခြားသော ဆိုင်ရှင်များ ထံမှလည်း ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သိရသည်။

ဂေါ်ဒူသာရ တံတားကင်းစခန်းတွင် ဖမ်းဆီးခံရသူတွင် အမှန်တကယ် အပြစ်ရှိပါက တရားဥပဒေဖြင့် တရားစီရင် ရမည် ဖြစ်သော်လည်း အာဏာပိုင်များက တရားစီရင်ခြင်းထက် အဆိုပါ အမှုကို အကြောင်းပြ၍ မသက်ဆိုင်သူများထံမှ ငွေညှစ်ခြင်းသည် မောင်တောခရိုင်၏ အလေ့အထ တစ်ခု ဖြစ်နေသည်မှာ ယခင် စစ်အစိုးရ လက်ထက်မှပင် ဖြစ်သည်။ ထို့အပြင် တရားဥပဒေနှင့် ငြိစွန်းခြင်း မရှိလျှင်လည်း အကြောင်းမဲ့ ငွေညှစ်ခြင်းကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိပြီး၊ နိုင်ငံတော် အစိုးရ မောင်တောခရိုင်တွင် တရားဥပဒေ စိုးမိုးရေး ကိစ္စကို ကိုင်တွယ် ဖြေရှင်းရန် မည်သည့်အခါမှ ကြိုးစားခြင်း မရှိသည်ကို တွေ့ရှိရသည်။

Comment ရေးရန်

Rohingya Exodus