နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရ ပေးသည့် နာမည်ဖြင့် နိုင်ငံသား မယူလျှင် ဒုက္ခရောက်မည်ဟု ရဲမှူးချုပ် တင်ကိုကို ခြိမ်းခြောက်



MYARF
RB News
9.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ဒေသခံ ရပ်မိရပ်ဖ အချို့ကို အမှတ် (၅) နယ်မြေ ငါးခူရရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး၊ အစိုးရက ပေးသည့် နာမည်ဖြင့် နိုင်ငံသား မယူလျှင် ဒုက္ခရောက်မည်ဟု ရဲမှူးချုပ် တင်ကိုကိုက ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၈) ရက်နေ့ နံနက် (၈) နာရီ အချိန်တွင် မောင်တော မြို့နယ် ငါးခူရ ကျေးရွာ အခြေစိုက် နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကို၊ တောင်ပြိုလက်ဝဲ အခြေစိုက် အမှတ် (၃) နယ်မြေမှူး၊ လိပ်ရ ကျေးရွာ အခြေစိုက် အမှတ် (၄) နယ်မြေမှူး၊ ငါးခူရ ကျေးရွာ အခြေစိုက် အမှတ် (၅) နယ်မြေမှူးနှင့် ကျောက်လှေကား ကျေးရွာ အခြေစိုက် အမှတ် (၆) နယ်မြေမှူး၊ အဆိုပါ နယ်မြေများ အတွင်းရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့သည်။

“ရဲမှူးချုပ် တင်ကိုကိုက -- မင်းတို့ ဘင်္ဂလီတွေ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ RSO နဲ့ အဆက်အသွယ် မလုပ်ဘဲ ဥပဒေ အတိုင်း အေးအေးဆေးဆေး နေကြ၊ ၁၃-၁-၂၀၁၅ မှာ စပြီး စစ်ဆေးသွားမယ့် ဆွဲ၊တင်၊စစ် ကိုလည်း အငြင်းအခုံ မလုပ်ဘဲ စစ်ဆေးခံကြ၊ နိုင်ငံတကာကို အားမကိုးကြနဲ့၊ ဥပဒေကို လိုက်နာကြ၊ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မသုံးကြနဲ့၊ အခု ယာယီကဒ်ကနေ နိုင်ငံသားပြု ကဒ်၊ နောက် နိုင်ငံသားကဒ် ရသွားတော့မယ်။ တကယ်လို့ နိုင်ငံတကာကို အားကိုးပြီး ရိုဟင်ဂျာကို ဆွဲကိုင် ထားရင် ဒုက္ခရောက်မယ်၊ နိုင်ငံတကာက ဘာလုပ်ပေးနိုင်မလဲ၊ ဘာမှ လုပ်မပေးနိုင်ဘူး -- လို့ အစည်းအဝေး ပြောပြီး ခြိမ်းခြောက်တယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ချိန်တည်းမှာပင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ တံတားကင်းစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအေးကလည်း အမှတ် (၇) နယ်မြေ အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများကို မကျီးချောင်းရှိ အမှတ် (၁၅) စခန်းသို့ ဆင့်ခေါ်၍ ရဲမှူးချုပ် တင်ကိုကို ပြောသည့် အတိုင်း ပြောဆို၍ ခြိမ်းခြောက် ခဲ့ကြောင်း၊ ထို့အပြင် အာဏာပိုင်နှင့် သောင်းကျန်းသူ ခွဲခြားနိုင်ရန် အိမ်ခြံ ဂိတ်ဝတိုင်းတွင် ညလုံးပေါက် မီးထွန်းရမည်ဟု အမိန့် ထုတ်ပြန် ခဲ့ကြောင်း၊ ကျေးရွာရှိ ချမ်းသာသူများ စာရင်း၊ လူဆိုးလူမိုက်များ စာရင်း ပေးရန် တောင်းခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း အမှတ် (၇) နယ်မြေ အတွင်းရှိ ကျေးရွာများမှာ သောင်းကျန်းသူ၊ ဓါးပြရန်ကို မကြောက် ရသော်လည်း၊ ရဲမှူး ငြိမ်းချမ်းအေး၏ ရန်ကိုသာ ကြောက်ရကြောင်း၊ ၎င်းသည် သောင်းကျန်းသူ၊ ဓါးပြများထက် ပို၍ ဆိုးသွမ်းနေသူ တစ်ဦး ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဇန်န၀ါရီလ အတွင်းတွင် ယခင် န.စ.က လက်ထက်တွင် ပြုလုပ်ခဲ့သလို ဆွဲ၊တင်၊စစ် ပြုလုပ်၍ နိုင်ငံသား စီစစ်ရေး လုပ်ငန်းများ ပြုလုပ်မည်ဟု အစိုးရ အာဏာပိုင်များက ပြောဆိုလျက် ရှိသော်လည်း၊ လူမျိုးအမည်ကို လွတ်လပ်စွာ ဖော်ပြခွင့် မပေးဘဲ၊ အစိုးရက ချမှတ်ပေးသည့် လူမျိုး အမည် ဘင်္ဂလီကိုသာ ရေးသားခွင့် ပေးမည် ဖြစ်သောကြောင့် ရခိုင်ပြည်နယ် အတွင်းရှိ မူလဘူတ တိုင်းရင်းသား ရိုဟင်ဂျာ များက လျှောက်ထားမည် မဟုတ်ကြောင်း ဒေသခံ များက ပြောပါသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ လျှောက်ထားသူ တစ်သောင်းကျော် ရှိသယောင် ပြောဆိုလျက် ရှိသော်လည်း အမှန်တကယ် ရှိမည် မဟုတ်ကြောင်း၊ မိမိတို့ ရိုဟင်ဂျာများ အနေဖြင့် အစိုးရ၏ လှည့်ကွက်များ အားလုံးကို နားလည်ကြောင်း၊ မြေပုံရှိ ဒုက္ခသည် အချို့မှာ သွားလာခွင့် ရမည်ဟူသော မျှော်လင့်ချက်ဖြင့် လျှောက်ထားခဲ့သော်လည်း နောက်ဆုံးတွင် ဒုက္ခသည်စခန်းမှ အပြင်သို့ ထွက်ခွင့်ပင် မရကြောင်း၊ မိမိတို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး ဖြစ်သည့် အတွက် ရိုဟင်ဂျာ လူမျိုးဟုသည့် အမည်ဖြင့်သာ နိုင်ငံသား လက်မှတ် ကိုင်ဆောင်မည် ဖြစ်ကြောင်း၊ ယခင် န.၀.တ လက်ထက်တွင်လည်း မိမိတို့အား နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည်ဟု ဆိုကာ အမျိုးသား မှတ်ပုံတင် ကဒ်ပြားများကို သိမ်းယူ၍ နိုင်ငံသား စီစစ်ရေး ကဒ်ပြားအတွက် လျှောက်လွှာများ တင်ခိုင်းပြီးနောက် အတင်းအဓမ္မ ယာယီ ကဒ်ပြားများ ကိုင်ဆောင် စေခဲ့ကြောင်း၊ အစိုးရမှ မိမိတို့အား မူရင်း ရိုဟင်ဂျာ အမည် အသိအမှတ် မပြုပါက မိမိတို့ အနေဖြင့် မည်သည့် စီစစ်ရေးတွင်မှ ပါဝင်မှာ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus