နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောခရိုင် အတွင်းရှိ ဌာနဆိုင်ရာ များ၏ ဥပဒေမဲ့ လုပ်ရပ်များကို အရေးယူခြင်း မရှိ



RB News
9.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင် အတွင်းရှိ မြို့နယ် များတွင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်လျက် ရှိသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ပတ်သက်၍ အထက် အာဏာပိုင်များကို တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။

“ကျွန်တော်တို့ မောင်တော ခရိုင် အတွင်းမှာ ရှိတဲ့ မြို့နယ်တွေ ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ တောင်ပြိုလက်ဝဲ စတဲ့ မြို့နယ်တွေမှာ ဌာနဆိုင်ရာ ၀န်ထမ်းတွေက မတရားပြုကျင့် တာတွေ၊ ငွေညှစ်တာတွေ၊ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက် တာတွေနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ ရှိတဲ့ လူကြီးမင်းတွေကို တိုင်ရင်လည်း အရေးယူ ပေးတာ မရှိဘူး” ဟု မောင်တော ခရိုင်မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“မောင်တော ခရိုင်မှာ အဓိက နယ်ခြားစောင့်ရဲ၊ ရပ်ရွာတွေမှာ လုံခြုံရေး ကင်းချ ထားတဲ့ တပ်မတော်သားတွေ၊ မြို့ပေါ်မှာ ရှိတဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စ.ရ.ဖ နဲ့ လူကုန်ကူးမှု တားဆီးရေး အဖွဲ့ စတဲ့ အဖွဲ့တွေက ရပ်ကွက်၊ ကျေးရွာတွေက အပြစ်မဲ့ ဒေသခံတွေ ဆီက ငွေညှစ်တာတွေ၊ ရိုက်နှက် ထိုးကြိတ်တာတွေ အပြိုင်အဆိုင် လုပ်လာတယ်။ ကျွန်တော်တို့ ဒေသတွင်းမှာ ရှိတဲ့ အဆင့်မြင့် အာဏာပိုင်တွေက သူတို့ လက်အောက်ငယ်သား တွေ ဘာတွေ လုပ်နေသလဲ ဆိုတာ သိကြပေမယ့် မသိယောင်ဆောင် ဆောင်နေကြတယ်။ တရားလို လုပ်ပြီး တိုင်ကြားရင်လည်း ဘာမှ အဆုံးအဖြတ် မပေးဘူး။ အရေးယူ မပေးတော့ အခြေအနေက တနေ့တခြား ပိုဆိုးလာတယ်။ အစိုးရ အာဏာပိုင်တွေ ဆိုပြီး အားကိုးတကြီးနဲ့ သွားတိုင်ရင် ပိုဆိုးတယ်။ တိုင်တဲ့လူကို ပစ်မှတ်ထားပြီး ပိုဒုက္ခပေးတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

“အခုလို ဥပဒေမဲ့ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ခရိုင်တွင်းမှာ အကြီးအကဲတွေ ဖြစ်ကြတဲ့ တပ်မမှူး၊ ဗျူဟာမှူး၊ ကွပ်ကဲရေးမှူးနဲ့ ခရိုင် အုပ်ချုပ်ရေးတို့က ဖြေရှင်းပေးဖို့ တာဝန်ရှိတဲ့ အပြင် ကျွန်တော်တို့ မဲဆန္ဒရှင်တွေ မဲထည့်ပြီး ရွေးချယ် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေမှာလည်း တာဝန်ရှိပါတယ်။ အစိုးရ အာဏာပိုင်တွေကို အားကိုးလို့ မရတဲ့ အချိန်မှာ လွှတ်တော် ကိုယ်စားလှယ် တွေရဲ့ အခန်းကဏ္ဍက အလွန် အရေးပါ ပါတယ်။ အခုလို ဥပဒေမဲ့ လုပ်ရပ်တွေနဲ့ ဒုက္ခတွေ ခံစားနေရတာ တွေကို ပြည်သူ့ ကိုယ်စားလှယ်များ ဆိုတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေက ဖြေရှင်း မပေးဘူးဆိုရင် နောက်လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အတွက် အလုပ်လုပ်မယ့် ကိုယ်စားလှယ်တွေ ရှာဖို့ လိုပါလိမ့်မယ်။ ဒါကျွန်တော် တစ်ယောက်တည်း ပြောတဲ့စကား မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသခံ တွေကိုယ်စား ပြောတာပါ။” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော ခရိုင်တွင် အဓိကအားဖြင့် ဥပဒေမဲ့ လုပ်ရပ်များ နေ့စဉ် ဖြစ်ပွားနေသည့် နေရာများမှာ မောင်တောမြို့နယ်တွင် ဇော်မတက်၊ အလယ်သံကျော်၊ ကျောက်ပန္ဒူ၊ ခမောင်းဆိပ်၊ လိုင်သီနဲ့ ဂေါ်ဒူသာရ တို့ဖြစ်ပြီး၊ ဘူးသီးတောင် မြို့နယ်တွင် ညောင်ချောင်း၊ တောင်ဘဇား၊ စိမ့်ညှင်းပြားနှင့် ဖော်တော်ပြင်ရွာများ ဖြစ်ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus