နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ရပ်မိရပ်ဖများနှင့် အစည်းအဝေးတွင် ရဲမှူးချုပ် တင်ကိုကိုက မချေမငံ ပြောဆို ခြိမ်းခြောက်



RB News
18.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၌ ယနေ့ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရပ်မိရပ်ဖများနှင့် အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက မချေမငံ ပြောဆို၍ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ်နှင့် ရသေ့တောင် မြို့နယ် တို့ရှိ ကျေးရွာ အုပ်စုနှင့် ရပ်ကွက်များမှ ဘာသာရေး ဆရာ တစ်ဦးစီ၊ အုပ်ချုပ်ရေးမှူး တစ်ဦးစီ၊ ရွာခွဲတာဝန်ခံ တစ်ဦးစီ၊ ရာအိမ်မှူး တစ်ဦးစီနှင့် ရပ်မိရပ်ဖ တစ်ဦးစီ တို့ကို ဆင့်ခေါ်၍ ဘူးသီးတောင် မြို့နယ်ရှိ ဦးဥတ္တမ ခန်းမတွင် အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။

“အစည်းအဝေးမှာ ရွာတွေ ရပ်ကွက်တွေက ၅ ဦးစီပေါ့။ ရဲမှူးချုပ် တင်ကိုကိုက တော်တော်လေး မချေမငံ၊ ပြီးတော့ မဟုတ်တာတွေ ပြောဆိုပြီး တော်တော်လေး ခြိမ်းခြောက်တယ်။ သူက ခင်ဗျားတို့ ဘင်္ဂလီတွေ ဒုချီးရားတန်းမှာ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်တယ်။ မကြာခင်ကလည်း ဘူးသီးတောင်မြို့မှာ ဗုံးဖောက်ကွဲမှု တစ်ခု ဖန်တီးတယ်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့က န.စ.က ထက် အဆပေါင်းများစွာ ဆိုးတဲ့ အဖွဲ့ဖြစ်တယ်။ အရင်က န.စ.က မလုပ်နိုင်ခဲ့တဲ့ RSO ၂၆ ယောက်ကို ဖမ်းပြီး ထောင်ချလိုက်ပြီ” ဟု ပြောဆိုကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒုချီးရားတန်းတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည်လား ပျောက်ဆုံးသွားသည်လား ဆိုတာမှာပင် ယခု အချိန်ထိ သဲသဲကွဲကွဲ မသိဘဲ၊ အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာ ၁၀၀ ခန့်ကို ရက်ရက်စက်စက် သတ်ဖြတ်၍ အလောင်းများ ဖျောက်ပစ်ခဲ့သည်။ ဒေသခံ အများအပြားကို ရဲတပ်ကြပ်ကြီးကို သတ်ဖြတ်သည်ဟု ဆိုကာ ဖမ်းဆီး၍ ထောင်ချခြင်းများကို မတရားသဖြင့် ပြုလုပ်ခဲ့သည်။ ဘူးသီးတောင်မြို့တွင် ဗုံးပေါက်ကွဲသည် ဆိုသည်မှာလည်း လုပ်ကြံမှု တစ်ခုသာ ဖြစ်ပြီး အမှန်တကယ် ဗုံးပေါက်ကွဲခြင်း မရှိသည်ကို နေပြည်တော်မှ စစ်ဆေးရေး အဖွဲ့က သိရှိခဲ့သည်။ မရှိသည့် RSO ကို ခေါင်းစဉ်တပ်၍ အပြစ်မဲ့ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ထောင်ချခြင်းကို ရဲမှူးချုပ်တင်ကိုကိုက ပြောဆို၍ ဂုဏ်ယူ နေသည်မှာလည်း မိမိကိုယ့်ကို ကိုယ်ရည်သွေး ပြောခြင်းမှ လွဲ၍ တရားသည့် လုပ်ရပ် မဟုတ်သည်ကို မောင်တော ခရိုင်မှ ပြည်သူများ အားလုံး သိရှိပြီး ဖြစ်သည်။

“နောက်တစ်ခုက ကျွန်တော်တို့ဆီ ကနေ RB News ကို နေ့စဉ် သတင်းတွေ ပို့နေတဲ့ ကိစ္စ။ ဒုချီးရားတန်း တုန်းကလည်း RB News က သတင်းတွေကြောင့် တော်တော်လေး အနှောက်အယှက် ဖြစ်ခဲ့ရတဲ့ အကြောင်း၊ နောက်တော့ သူဖြေရှင်း နိုင်ခဲ့တဲ့ အကြောင်း၊ သူ့အနေနဲ့ သတင်းမှာ ရေးတာတွေကို ဂရုစိုက်မှာ မဟုတ်တဲ့ အကြောင်းတွေ ထည့်ပြောတယ်။ ဂရုမစိုက်လို့ သူနေ့တိုင်း ဖတ်နေရတာတော့ ထပ်မပြောသွားဘူး” ဟု ၎င်းကဆိုသည်။

ရဲမှူးချုပ် တင်ကိုကိုက နိုင်ငံတကာမှ ခေါင်းဆောင် များနှင့် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တို့ကိုလည်း အလေးမထားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

“နိုင်ငံတကာက ခေါင်းဆောင်တွေ၊ အိုဘားမား၊ ဘန်ကီမွန်းတို့ ပြောတာတွေ စဉ်းတောင် မစဉ်းစားဘူး။ အလေးလည်း မထားဘူး၊ သူတို့က မြန်မာနိုင်ငံကို ဘာမှ လုပ်လို့ မရဘူး ဆိုပြီး ကြုံးဝါးပြီး ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“မ.က.ဖ ဒုညွန်မှူး ဦးအောင်သူက အခု ဆွဲ၊တင်၊စစ်မှာ ဘင်္ဂလီတွေ အားလုံး ပါရမယ်။ မပါရင် ထောင်ဒဏ် နှစ်နှစ် ချမယ်။ ငွေတော့ ပေးစရာ မလိုဘူး။ ငွေပေးရရင် ဖုန်းနံပါတ် ပေးထားမယ်။ အဲဒီကို ဖုန်းဆက်တိုင် ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဆွဲ၊တင်၊စစ် လုပ်တာက ဥပဒေနဲ့ ဘောင်မ၀င်ဘူး။ ဒါကျွန်တော် တို့ကို တမင် သက်သက် ခွဲခြားပြီး လူ့အခွင့်အရေး ချိုးဖောက်တာ။ အမျိုးသမီးတွေကို ပုဝါချွတ်ခိုင်း၊ ခြုံထည် ချွတ်ခိုင်းနဲ့ မော်လ၀ီတွေကိုလည်း ၀တ်စုံချွတ်၊ ဦးထုပ်ချွတ်ခိုင်း တာတွေ လုပ်တယ်။ အဲဒီတော့ ခြိမ်းခြောက်ရင်လည်း ကျွန်တော်တို့ ပါမှာ မဟုတ်ဘူး။ ဒါမောင်တော ခရိုင်က ပြည်သူ အများစုရဲ့ ဆန္ဒ။ ၀င်မပါလို့ ရိုက်နှက် နေတာတွေလည်း ရှိနေတယ်” ဟု ဆိုသည်။

ဆွဲ၊တင်၊စစ် တွင် ကလေး မွေးတိုး၊ သေဆုံး၊ နိုင်ငံခြားထွက်၊ လက်ထပ်ခွင့် အားလုံးကို မှတ်တမ်းတင်မည် ဖြစ်ပြီး၊ အထောက်အထားမဲ့ ကလေးများကို Black List သွင်းမည် ဖြစ်ကြောင်း၊ အစစ်ဆေး မခံသူများကို ၀တ္တရား နှောက်ယှက်မှုဖြင့် အရေးယူမည် ဖြစ်ကြောင်း မ.က.ဖ ဒုညွန်မှူး ဦးအောင်သူက ပြောကြားခဲ့သည်။

ရဲမှူးချုပ် တင်ကိုကိုက ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် မွေးရာပါ နိုင်ငံသား အခွင့်အရေး မရှိကြောင်း၊ ဥပဒေ အရ ပေးသည့် နိုင်ငံသား၊ ပြုနိုင်ငံသား၊ ဧည့်နိုင်ငံသား၊ ယာယီကဒ်ပြား များကိုသာ ရမည် ဖြစ်ကြောင်း၊ မွေးရာပါ နိုင်ငံသား လိုချင်ပါက ဤနိုင်ငံမှ ထွက်သွားရန်နှင့် အစိုးရမှ တတိယ နိုင်ငံပို့မည် ဖြစ်ကြောင်း၊ ထိုသို့ မဟုတ်လျှင်လည်း ဒီအတိုင်း သေရမည် ဖြစ်ကြောင်း ရိုင်းပျစွာ မချေမငံ ပြောဆိုခဲ့ကြောင်း သိရသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေက ရိုဟင်ဂျာများ၏ လက်ထပ်ခွင့်ကို ပြန်လည် ကိုင်တွယ် သွားမည် ဖြစ်ကြောင်း၊ ကလေး မွေးဖွားမှု များကိုလည်း ပြန်လည် ကိုယ်တွယ် သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အစည်းအဝေး မပြီးဆုံးမှီတွင် ရဲမှူးချုပ် တင်ကိုကိုက ရိုဟင်ဂျာ ဟူသည့် အမည်ကို ဆက်လက် သုံးစွဲနေပါက မည်သည့် ဌာနဆိုင်ရာနှင့်မှ အဆင်ပြေမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများ၏ နောင်ရေး လွန်စွာ ဆိုးရွားလာမည် ဖြစ်ကြောင်း၊ ဘင်္ဂလီဖြင့်သာ အစစ်ခံရမည် ဖြစ်ကြောင်း၊ လက်မခံပါက မိမိတို့၏ ကံကြမ္မာကို မိမိတို့ ဖန်တီးကြရန်နှင့် ကံကြမ္မာလည်း ကောင်းလာမည် မဟုတ်ကြောင်း ခြိမ်းခြောက်သည့် လေသံများဖြင့် ကြုံးဝါး၍ ပြောဆိုခဲ့ပြီး အစည်းအဝေးကို နေ့လည် ၃ နာရီ အချိန်တွင် ရုတ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

“အစိုးရ အာဏာပိုင်တွေကတော့ သူတို့ ပြောချင်ရာ ပြောပေါ့။ သူတို့မှာ သူတို့ ဆန္ဒရှိသလို ကျွန်တော်တို့ ဒေသခံ တွေမှာလည်း ကျွန်တော်တို့ ဆန္ဒ ရှိတယ် ဆိုတာကိုလည်း သတိပြုဖို့ လိုပါမယ်။ သူတို့က လက်နက်ကိုင် အာဏာပိုင်တွေ၊ လူသတ်ဖို့လည်း ၀န်လေးတဲ့ သူတွေ မဟုတ်ဘူး။ အမြဲတမ်း သတ်နေတာပါဘဲ။ ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ ရိုဟင်ဂျာ ဆိုတဲ့ ဘိုးစဉ်ဘောင်ဆက် လူမျိုး နာမည် အတွက် အသက်ပေါင်း များစွာ ပေးဆပ်ပြီးပြီ။ ကျွန်တော်တို့ကတော့ don’t give up ဘဲ။ ဘယ်တော့မှ အရှုံး မပေးဘူး။ ကျွန်တော်တို့ ဥပဒေ ဘောင်အတွင်းမှာ နေတယ်။ အခု ဆွဲ၊တင်၊စစ် ဆိုတာ ဥပဒေ ပြင်ပကနေ လက်နက်နဲ့ ခြိမ်းခြောက်ပြီး လုပ်နေတာ။ ဒေသခံတွေကို ရိုက်နှက်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်။ ငွေညှစ်တယ်။ ရှင်းရှင်း ပြောရရင် ကျွန်တော်တို့ ဒေသမှာ ဌာနဆိုင်ရာ ဆိုတာ လိုင်စင်ရ ဓါးပြဘဲ။ နိုင်ငံတော် အစိုးရဆီက ကျွန်တော်တို့ တောင်းဆိုနေတာ identity တစ်ခုဘဲ။ ကျွန်တော်တို့ အရင်က နိုင်ငံသားတိုင်း ခံစားခွင့်ရတာ အကုန် ရခဲ့တယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်တွေ မတရားသဖြင့် သိမ်းပြီး ၀ှိုက်ကဒ်တွေ ထုတ်ပေးခဲ့တယ်။ အခုမှ ခိုးဝင် ဘာညာဆိုပြီး ဇတ်လမ်းဆင်တယ်။ တကယ်လို့ အာဏာပိုင်တွေ ပွင့်လင်းမြင်သာတယ် ဆိုရင် ကျွန်တော်တို့ရဲ့ အဖြစ်မှန်တွေကို သိဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်တွေ လွှတ်ပေးလိုက်ပါ။ အဲဒီတော့မှ အစိုးရက လိမ်နေသလား၊ ကျွန်တော်တို့က လိမ်နေသလား ဆိုတာ သိပါမယ်။ မွေးတိုး၊ သေဆုံး၊ သန်းခေါင်စာရင်းနဲ့ သက်ဆိုင်တာတွေ လ.၀.က ရုံးမှာ လုပ်ရမှာ ဖြစ်ပါတယ်။ နယ်ခြားစောင့်ရဲ၊ မ.က.ဖ နဲ့ ဘာမှ မဆိုင်ပါဘူး။ အရင်က စစ်အစိုးရ လက်ထက်မှာ စစ်အစိုးရမို့ လုပ်ခဲ့တယ်။ အခု ဒီမိုကရေစီ အစိုးရမှာလည်း စစ်အစိုးရ အတိုင်း လုပ်နေမယ် ဆိုရင် အစိုးရ ပြောင်းလဲခြင်းရဲ့ အနှစ်သာရလည်း ဘာမှ ရှိမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီ ဆွဲ၊တင်၊စစ် မှာ လုံးဝ မပါနိုင်ဘူးလို့သာ ပြောချင်တယ်” ဟု မြို့မိမြို့ဖ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus