နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ငါးရန့်ချောင်းတွင် ဒေသခံများကို ချောင်ပိတ်၍ ဆွဲ၊တင်၊စစ် ပြုလုပ်



ကိုဘခက်
RB News
26.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စုရှိ ဒေသခံ ရိုဟင်ဂျာ များကို ကျေးရွာများ အတွင်းမှ ဈေးသို့ပင် သွားခွင့် မပေးဘဲ အာဏာပိုင်များက ချောင်ပိတ်၍ ဆွဲ၊တင်၊စစ် ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၆) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက ရွာထွက်လက်မှတ် များကို ပိတ်ပင် ထားခဲ့ပြီး ကင်းစောင့်များ ချ၍ တစ်ရွာလုံးကို ရွာပြင်ထွက်ခွင့် ပိတ်ပင် ထားခဲ့သည်။ ယနေ့သည် ကျွန်းပေါက်ဈေး၏ အပတ်စဉ် ဈေးနေ့ ဖြစ်သော်လည်း မည်သူ တစ်ဦး တစ်ယောက်ကိုမှ သွားရောက်၍ ဈေးရောင်းခွင့် မပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကျွန်းပေါက်ဈေးသည် အပတ်စဉ် တနင်္လာနေ့တွင် နယ်ပေါင်းစုံမှ ဈေးရောင်းဝယ်သူများ စုစည်း၍ ရောင်းဝယ် ဖောက်ကားသည့် ဈေးဖြစ်သည်။ ဘူးသီးတောင် မြို့နှင့် တောင်ဘဇားသည် ၁၂ မိုင်ခန့် ကွာဝေးပြီး၊ တောင်ဘဇားမှ ကျွန်းပေါက်ဈေးသို့ ၅ မိုင်ခန့် ကွာဝေးသည်။ တောင်ဘဇားရှိ ဒေသခံ အများအပြားမှာ တစ်ပတ်လျှင် တစ်ကြိမ် ကျွန်းပေါက်ဈေးမှ မဖြစ်မနေ ဈေးဝယ်ရသူများ ရှိသကဲ့သို့၊ မဖြစ်မနေ ဈေးသွားရောင်းသူ များလည်း ရှိသည်။

ငါးရန့်ချောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက မ.က.ဖ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို ချောင်ပိတ်ကာ ဆွဲ၊တင်၊စစ် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ရပ်ကွက် (၂)၊ (၃)၊ (၄) တို့တွင် ချောင်ပိတ်၍ စစ်ဆေးခဲ့သော်လည်း အိမ်ထောင်စု (၆၀) ခန့်သာ စစ်ဆေးနိုင်ခဲ့သည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ယင်းမရွာ ရပ်ကွက် (၅)၊ (၆)၊ (၇)၊ (၈) တို့ကို ဆက်လက် စစ်ဆေးသွားမည်ဟု သိရှိရပြီး၊ ပေါက်တောပြင်ရွာတွင်လည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒေသခံများကို ရွာအပြင်၊ ဈေးများသို့ ထွက်ခွင့်မပေးဘဲ ချောင်ပိတ်ထားသည့် အပြင် ရိုဟင်ဂျာ လူထုက ပါဝင်ရန် ငြင်းဆန် နေပါက တစ်ရွာလုံး မီးရှို့ပစ်မည်ဟု အာဏာပိုင်များက ခြိမ်းခြောက်သည့် နောက်ပိုင်းတွင် အားမာန် လျှော့ကာ ပါဝင်ခဲ့ရသည်ဟု ပါဝင်သူ အများစုက ပြောပါသည်။ သို့သော်လည်း စစ်ဆေးရန် ကျန်နေသည့် အများစုက ၎င်းတို့က ပစ်သတ်လျှင်လည်း အစစ်ဆေးခံမည် မဟုတ်ဟု ပြောဆိုနေကြသည်။ မိမိတို့တွင် မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိလျှက် ယခုကဲ့သို့ လက်နက်ဖြင့် အနိုင်ကျင့်၍ အတင်းအဓမ္မ ဘင်္ဂါလီ ဇတ်သွင်းရန် ကြံစည် နေခြင်းကို လက်မခံနိုင်ဟု ဆိုသည်။

ဇန်န၀ါရီလ (၂၇) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ငါးရန့်ချောင်း ကျေးရွာ အုပ်စုရှိ ရွာများမှ ရပ်မိရပ်ဖ ၁၀ ဦးစီကို အရေးပေါ် အစည်းအဝေး ခေါ်ထားပြီး၊ အစည်းအဝေးသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးချုပ် တင်ကိုကိုနှင့် အတူ အာဏာပိုင်များ၏ ကိုယ်စားလှယ်များဟု လူသိများကြသော ဦးရော်ဖိတ်နှင့် ဆရာ ဦးအာဘူကလာမ် တို့လည်း လာမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဒေသခံများက အဆိုပါ ကွပ်ကဲရေးမှူးက လာပြီး ပို၍ ဒုက္ခပေးမည်ကို စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus