နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ ဒုက္ခသည်စခန်းတွင် သုံးရန် ပေးသည့် သုံးဘီးကားများ ပြုပြင်ရန် သိန်း ၁၀၀ ခန့်လိုအပ်နေ

ရခိုင်ပြည်နယ် အစိုးရမှ ပေးသည့် သုံးဘီးကားများ (ဓါတ်ပုံ - RB News)

RB News
7.1.2015

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် အသုံးပြုရန် ပြည်နယ် အစိုးရမှ ပေးသည့် သုံးဘီးကား များကို ပြုပြင်ရန် ငွေကျပ် သိန်း ၁၀၀ ခန့်လိုအပ်မည် ဖြစ်ကြောင်း ဒုက္ခသည် စခန်းမှ ပြောကြားချက်များ အရ သိရှိရပါသည်။

စစ်တွေမြို့ရှိ ဒုက္ခသည် စခန်း ၁၂ ခုတွင် ကျောင်းသား/သူများ ကျောင်းသွား/ပြန် သုံးရန်နှင့် အခြားသော ကိစ္စများတွင် သုံးရန် အတွက် ပြည်နယ် အစိုးရက စခန်း တစ်ခုလျှင် သုံးဘီးကား လေးစီးနှုန်းဖြင့် အစီး ၅၀ ခန့် ဇန်န၀ါရီလ (၆) ရက်နေ့ နံနက် ၁၀ နာရီတွင် ပေးခဲ့ကြောင်း စစ်တွေမြို့တွင် အကြမ်းဖက်ခံရပြီး ဒုက္ခသည် စခန်းသို့ ရောက်ရှိနေသည့် ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။

“ဒီမှာတော့ ဒေသအခေါ် “တုတ်တုတ်” လို့ခေါ်တာပေါ့။ စခန်း ၁၂ ခုကို ပေးတယ်လို့ သိရတယ်။ စခန်း တစ်ခုကို ၄ စီးနှုန်းနဲ့ အားလုံး အစီး ၅၀ ထုတ်ပေးတယ်။ အစိုးရကျောင်းက သက္ကယ်ပြင်မှာဘဲ ရှိတော့ ကျောင်းသွား၊ ကျောင်းပြန် အတွက် အဓိက ပေးတာပါ။ ဒါပေမယ့် ဒီကားတွေက မော်ဒယ် အရမ်းနိမ့်နေပြီး၊ ကောင်းကောင်းမွန်မွန် မောင်းလို့ ရဖို့ အတွက် ပြင်ရပါမယ်။ တစ်စီးကို အနည်းဆုံး နှစ်သိန်း လောက်လိုပါမယ်။ အဲဒီတော့ အစီး ၅၀ အတွက် သိန်း ၁၀၀ လောက် လိုပါမယ်။ ကျွန်တော်တို့က ဒုက္ခသည်တွေ၊ ၀င်ငွေ ဘာမှ မရှိတော့ ဒါတွေကို ပြုပြင်ဖို့ ဘယ်က ငွေရမလဲ။ အဲဒီတော့ ပြည်နယ် အစိုးရက ကောင်းမွန်တဲ့ အထိ ပြုပြင်ပေးဖို့ တောင်းဆိုပါတယ်။” ဟု ဒုက္ခသည် တစ်ဦးက RB News သို့ပြောပါသည်။

စစ်တွေမြို့သို့ ဇန်န၀ါရီလ (၈) ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Ms. Yanghee Lee ဒုတိယ အကြိမ်မြောက် ရောက်ရှိမည် ဖြစ်ပြီး၊ ပထမ အကြိမ်တွင် ရောက်ရှိစဉ်က ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ဒုက္ခသည် စခန်းဟု ပြောဆို သွားခဲ့သည်။ ဒုက္ခသည် စခန်းများ၏ အခြေအနေ တိုးတက်မှုကို လေ့လာ စုံစမ်းရန် လာရောက်သည့် အတွက် Ms. Yanghee Lee အား ပြသရန် သုံးဘီးကား အဟောင်းများကို အမြင်ကောင်းအောင် ပေးခြင်း ဖြစ်သည်ဟု ဒုက္ခသည်များက ဝေဖန် ပြောဆိုလျက် ရှိကြသည်။

ပြည်နယ် အစိုးရ အနေဖြင့် အမှန်တကယ် ကူညီလိုပါက ပြုပြင်ရန် မလိုသည့် ကားများကို ပေးသင့်သည်ဟု ဒုက္ခသည် များက ဆိုသည်။

Comment ရေးရန်

Rohingya Exodus