နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူး သိန်းထွန်းကျော်က ဒေသခံ တစ်ဦးကို လူမဆန်စွာ ရိုက်နှက် ခြိမ်းခြောက်၍ ငွေညှစ်



RB News
6.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်မြေမှူး တစ်ဦး ဖြစ်သော ရဲမှူး သိန်းထွန်းကျော်က ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ရဲမှူး သိန်းထွန်းကျော်နှင့် အဖွဲ့သည် ၂၀၁၄ ဒီဇင်ဘာလ ၂၇ ရက်နေ့က ဘူးသီးတောင် မြို့နယ် အထက်ကျွဲကြိုမော် ကျေးရွာ အုပ်စု၊ ကာဒီရွာမှ ဦးကာဒီဟူဆောင်းကို အကြောင်းမဲ့ ဖမ်းဆီးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့ရာ၊ သေလုမျောပါး ဖြစ်ခဲ့ရပြီး၊ ဘူးသီးတောင် မြို့ပေါ်သို့ လာရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။ ထိုသို့ လူမဆန်စွာ ရိုက်နှက်ခြင်းနှင့် ပတ်သက်၍ ဌာနဆိုင်ရာသို့ တိုင်တန်းပါက အသေသတ်ပစ်မည်ဟု ရဲမှူး သိန်းထွန်းကျော်က ခြိမ်းခြောက် ခဲ့ပြီး၊ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရဲမှူး သိန်းထွန်းကျော်သည် တပ်မတော်တွင် ဗိုလ်ကြီး အဆင့်ဖြင့် တာဝန် ထမ်းဆောင် ခဲ့သူဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ရဲမှူး အဆင့်ဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်ကြောင်း၊ လောဘ အလွန်ကြီးသလို၊ ဒေါသကြီးသူ တစ်ဦးလည်း ဖြစ်ကြောင်း၊ အထက် အရာရှိ၊ လက်အောက်ငယ်သား များကိုလည်း အမြဲ မချေမငံ ပြောဆိုသူ ဖြစ်ကြောင်း အမည် မဖော်လိုသည့် နယ်ခြားစောင့် ရဲတစ်ဦးက ပြောပါသည်။

၎င်း၏ တာဝန်မှာ နယ်မြေတွင်း လုံခြုံရေးနှင့် ပြည်သူများကို စောင့်ရှောက်ရန် ဖြစ်သော်လည်း ပြည်သူများကို နေ့စဉ်နှင့် အမျှ ဒုက္ခပေးလျက် ရှိပြီး၊ ရရှိထားသည့် ရာထူးနှင့် သြဇာ အာဏာကို အလွဲသုံးစား ပြုလုပ်၍ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။ ရဲမှူး သိန်းထွန်းကျော်နှင့် ပတ်သက်၍ ဒေသခံများက တပ်ရင်းမှူး ထံတိုင်ကြား ထားကြောင်း၊ သို့သော်လည်း နေ့စဉ် အဆက် မပြတ် ဥပဒေမဲ့ ပြုလုပ်နေခြင်း များကို အမြန်ဆုံး အရေးယူ ဟန့်တား ပေးရန် ပြည်ထောင်စု အစိုးရနှင့် ပြည်ထဲရေး ၀န်ကြီး တို့ကို တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus