နောက်ဆုံးသတင်း/ဆောင်းပါးများ

တစ်ဦးတည်း ကိုယ်စားလှယ် စနစ်ကြောင့် ဒေသခံများ လုပ်ကိုင်စားသောက်ရန် ခက်ခဲနေ



RB News
31.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတွင် ပုဇွန်သားဖောက် လုပ်ငန်းကို တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားသဖြင့် ပုဇွန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ လုပ်ကိုင် စားသောက်ရန် ခက်ခဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ဇီးပင်ချောင်း ကျေးရွာ အုပ်စု၊ ချောင်းကုလား ရွာနေ အုပ်ချုပ်ရေးမှူး ဦးအာယုဖ်၏ အစ်ကို အရင်း ဖြစ်သူ ဦးမိုဟာမတ် ရော်ဖိခ် (ဘ) ဦးအာဘူလ်ဟူစိန်းသည် ဇီးပင်ချောင်း၊ ရေတွင်းပြင်၊ ကျောင်းချောင်း ကျေးရွာ အုပ်စု (၃) အုပ်စု အတွက် ပုဇွန် သားဖောက် လုပ်ငန်း အတွက် ငါးလုပ်ငန်း ဦးစီးဌာနမှ တစ်ဦးတည်း ကိုယ်စားလှယ် ယူထားသဖြင့် အခြားသော ပုဇွန်လုပ်ငန်း လုပ်ကိုင်သူများ လုပ်ကိုင် စားသောက်ရန် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ပုဇွန်သားဖောက် လုပ်ငန်းကို ယင်းကျေးရွာ အုပ်စုများတွင် လုပ်ကိုင်နေသူ အများအပြား ရှိသည့်ကြားမှ ယခုကဲ့သို့ တစ်ဦးတည်းကို ရွေးချယ် လုပ်ကိုင်ခွင့် ချပေးသည့် အတွက် ဒေသခံများ အလွန် နစ်နာလျက် ရှိသည်ဟု ဆိုသည်။ ထို့အပြင် ပုဇွန်သားဖောက် တစ်ဦးတည်း ကိုယ်စားလှယ် ရရှိထားသူ ဦးမိုဟာမတ်ရော်ဖိခ်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာများတွင် ကျားပိုက် လုပ်ငန်း လုပ်ကိုင်သူများထံမှ ၂၀၁၅ ခုနှစ်အတွက် ကျားပိုက် လုပ်ငန်း လိုင်စင်ကြေး ဟုဆိုကာ ကျားပိုက်သမား များထံမှ ငွေကျပ် ၂၅၀၀၀ စီ ကောက်ခံလျက် ရှိကြောင်း သိရသည်။ ငါးလုပ်ငန်း ဦးစီးဌာနသို့ ကျားပိုက် လိုင်စင်ကြေး ငွေကျပ် ၁၂၀၀၀ သာ ပေးသွင်း ရမည် ဖြစ်သော်လည်း ၎င်းက ငါးလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းသိန်းနှင့် ပူးပေါင်း၍ ငွေကောက်ခံခွင့် ရယူထားပြီး ယခုကဲ့သို့ အမှန်တကယ် ပေးသွင်း ရမည်ထက် နှစ်ဆပို၍ ကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ငါးလုပ်ငန်း ဦးစီးဌာနသို့ ကျားပိုက်သမားများ ကိုယ်တိုင် သွားရောက် သွင်းနိုင်သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနမှ လက်မခံဘဲ ဦးမိုဟာမတ် ရော်ဖိခ်မှ တဆင့် ပေးသွင်းရန် ညွန်ကြားသည်ကို ကြည့်ခြင်းအားဖြင့် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဦးမိုဟာမတ် ရော်ဖိခ်တို့ ပူးပေါင်း၍ ငွေရှာနေခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်ဟု ဒေသခံများက ပြောပါသည်။

ယခင် ပုဇွန်သားဖောက် လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင် များက ငါးလုပ်ငန်း ဦးစီးဌာနသို့ သွားရောက်၍ လုပ်ငန်း လိုင်စင် လျှောက်ထားသော်လည်း လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း မရှိဟု ဆိုသည်။ ဒေသ၏ အနေအထား အရ အဆိုပါ လုပ်ငန်းသည် တစ်ဦးတည်း လုပ်ပိုင်ခွင့် မဟုတ်ဘဲ အများပြည်သူ အားလုံး ချပေးရမည် ဖြစ်သော်လည်း ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဦးမိုဟာမတ် ရော်ဖိခ် တို့အကြား နားလည်မှု ပြုလုပ်ထားခြင်းကြောင့် ဒေသခံ ပြည်သူ အများအပြား နစ်နာလျက် ရှိကြောင်း၊ အထက် အာဏာပိုင်များက စီစစ်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus