နောက်ဆုံးသတင်း/ဆောင်းပါးများ

အတင်း အဓမ္မ ဆွဲ၊တင်၊စစ် ပြုလုပ်၍ ငွေညှစ်၊ ခြိမ်းခြောက်ခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိ




MYARF
RB News
24.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင် အတင်း အဓမ္မ ဆွဲ၊တင်၊စစ် ပြုလုပ်၍ ငွေညှစ်ခြင်းများ ဆက်လက် ပြုလုပ်လျက်ရှိပြီး၊ ဘူးသီးတောင် မြို့နယ်တွင် မပါဝင်သူများကို ခြိမ်းခြောက်ခြင်းများ ရှိနေကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဓါးကြီးစား ကျေးရွာတွင် ဆွဲ၊တင်၊စစ် စတင်ခဲ့သည်။ ဇန်န၀ါရီလ (၂၃) ရက်နေ့က ယင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအုစ်မာန်က ရပ်မိရပ်ဖ များကို အစည်းအဝေး တစ်ရပ် ခေါ်ယူ၍ ဆွဲ၊တင်၊စစ် တွင် လုံးဝ ငွေကောက်ခံခြင်း ပြုလုပ်မှာ မဟုတ်ဘဲ စစ်ဆေးသွားမည်ဟု ပြောကြား ခဲ့သည်။ အကယ်၍ ငွေတောင်းခံပါက မည်သူမှ ငွေမပေးကြရန် ပြောကြားခဲ့သည်။ သို့သော် ယနေ့ ဆွဲ၊တင်၊စစ် အဖွဲ့ ရောက်ရှိလာပြီး ၅၃ အိမ် စစ်ဆေးခဲ့ပြီး၊ မ.က.ဖ နှင့် နယ်ခြားစောင့် ရဲများက ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ တဆင့် ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် ၁၀၀၀ ကျပ်၊ မွေးတိုး ၇၅၀၀ ကျပ်၊ သေဆုံး ပယ်ဖျက် ၂၅၀၀ ကျပ်၊ ထွက်ပြေး ပယ်ဖျက် ၇၅၀၀ ကျပ်နှင့် ပြောင်းရွှေ့ ၁၅၀၀၀ ကျပ် အထိ ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စုတွင်လည်း စစ်ဆေးခဲ့သည်။ ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စု အရှေ့ရွာတွင် ငွေကြေး ကောက်ခံခြင်း မရှိသော်လည်း၊ တောင်ရွာတွင် တစ်ရွာလုံးမှ ရွာသားများ စုပေါင်း၍ ငွေကျပ် တစ်သိန်း ပေးခဲ့ရသည်။ အနောက်ရွာတွင်လည်း ဆွဲ၊တင်၊စစ် အဖွဲ့ စားစရိတ် ၅၀၀ ကျပ်၊ မွေးတိုး ၃၀၀၀ ကျပ်၊ သေဆုံး ပယ်ဖျယ် ၃၀၀၀ ကျပ်နှင့် ပြောင်းရွှေ့ ၅၀၀၀ ကျပ် ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ဘူးသီးတောင် မြို့နယ်၊ တောင်ဘဇား ကျေးရွာ အုပ်စုသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး၊ တပ်ရင်းမှူး တစ်ဦးနှင့် ကြံ့ခိုင်ရေး ပါတီမှ အလုပ်အမှုဆောင် (၆) ဦးတို့ သွားရောက်၍ ဆွဲ၊တင်၊စစ် တွင် မပါဝင်ပါက အင်အား သုံး၍ ပါဝင်အောင် လုပ်ဆောင် သွားမည်ဟု ပြောဆို၍ ဒေသခံများကို ခြိမ်းခြောက် ခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus