နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊တင်၊စစ်နှင့် အတူ လူအခွင့်အရေး ချိုးဖောက်မှုများကို ဘူးသီးတောင် ရပ်ကွက် (၅) တွင်လည်း ကျူးလွန်




RB News
16.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်တွင်လည်း ဇန်န၀ါရီလ (၁၃) ရက်နေ့မှ စ၍ ဆွဲ၊တင်၊စစ် စတင်ခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ များက ပါဝင်ရန် ဆန္ဒ မရှိသော်လည်း၊ အုပ်ချုပ်ရေးမှူး၏ ခြိမ်းခြောက်မှု များကြောင့် သုံးပုံ တစ်ပုံခန့် ပါဝင်ခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များက ပြန်လည် အသက်သွင်း လာသည့် ယခင် န.စ.က လက်ထက်က ဆွဲ၊တင်၊စစ် တွင် ပါဝင်ရန် ဆန္ဒ မရှိသော်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်လှိုင်ဦး၏ ခြိမ်းခြောက်မှု၊ ရိုက်နှက်မှု များကြောင့် သုံးပုံတစ်ပုံခန့် ပါဝင်ခဲ့ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“၁၃ ရက်နေ့ မနက် ၉ နာရီမှာ ဆွဲ၊တင်၊စစ် အဖွဲ့ရောက်လာတယ်။ နေ့လည် ၁၂ နာရီထိ ဘယ်သူ့မှ အစစ်မခံခဲ့ဘူး။ အဲဒါနဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရပ်ကွက်သား အချို့ကို ခေါ်ပြီး ခြိမ်းခြောက်၊ ရိုက်နှက်ပြီးတော့ အတင်း အစစ်ခံ ခိုင်းခဲ့တယ်။ ကျွန်တော်တို့ဆီမှာ ဘယ်သူ့မှ အစစ်ခံဖို့ ဆန္ဒမရှိခဲ့ဘူး။ တစ်ခါ ၁၄ ရက်နေ့မှာ ဦးမောင်လှိုင်စိုးက ဆင်းရဲပြီး အားကိုးရာ မရှိတဲ့ မိသားစုတွေကို ရိုက်နှက် ခြိမ်းခြောက် ပြီးတော့ အစစ်ခံခိုင်း ခဲ့တယ်။ ၁၅ ရက်နေ့မှာတော့ ဦးမောင်လှိုင်စိုးက တုတ်တစ်ချောင်း ကိုင်ပြီး ရပ်ကွက်ထဲ ပတ်တယ်၊ သူ့ရှေ့မှာ တွေ့သမျှ လူတွေကို ရိုက်နှက်၊ ခြိမ်းခြောက်တော့ မိသားစု အချို့ အစစ်ခံလိုက် ရတယ်။ ဒီနေ့တော့ သောကြာနေ့မှာ သူတို့ အားလပ်ရက် ဆိုပြီး မလာကြဘူး။ ရပ်ကွက်ထဲမှာ ဘယ်သူ့မှ အစစ်ခံဖို့ ဆန္ဒမရှိတော့ သူတို့ အကြမ်းဖက် နေရတယ်။ အဲဒါကြောင့် ဘယ်လို ပုံသဏ္ဍန်မျိုးနဲ့ ဆက်ပြီး စစ်မယ်ဆိုတာ အစည်းအဝေး လုပ်နေကြလို့ ဒီနေ့ကို အားလပ်ရက် ဆိုပြီး ကြေညာထားတာ ဖြစ်မယ်လို့ ထင်တယ်” ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
လာရောက် စစ်ဆေးသည့် အဖွဲ့တွင် ဌာနပေါင်းစုံ အပြင် လုပ်ငန်းနှင့် မဆိုင်သည့် ရခိုင်ခေါင်းဆောင် များလည်း ပါဝင်ကြောင်း သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဘူးသီးတောင် မြို့နယ်ရှိ ကျေးရွာအုပ်စု၊ ရပ်ကွက် ၈၅ ခုတွင် အဆိုးဆုံး အုပ်ချုပ်ရေးမှူး ဖြစ်သည်ဟု ၎င်းက ဆိုသည်။ အာဏာပိုင်များက ဦးမောင်လှိုင်စိုးကို နေရာတကာတွင် ပါဝင်စေသည့် အတွက် ပိုမို၍ အာဏာရ ထားသည့် သဖွယ် ဖြစ်လာပြီး၊ ရပ်ကွက်သူ/သား များကို ကိုယ်ထိလက်ရောက် စော်ကားခြင်းများ မကြာခဏ ပြုလုပ်သည်ဟု သိရသည်။

“ဦးမောင်လှိုင်စိုးကတော့ ဘူးသီးတောင်မှာ အဆိုးဆုံး အုပ်ချုပ်ရေးမှူး တစ်ယောက်ပါ။ သူ့ရဲ့ ရက်စက်မှုတွေနဲ့ ပတ်သက်ပြီး အထက် အာဏာပိုင်တွေကို သွားပြီး တင်ပြရင်လည်း တင်ပြသူသာရဲ့ အပြစ်သာ ဖြစ်သွားပြီး၊ ငွေညှစ်ခံရတယ်။ ကံဆိုးရင် ထောင်ပါ ချခံရတယ်။ ဦးမောင်လှိုင်စိုး ကိုတော့ ဘယ်တုန်းကမှ အရေးယူတယ် ဆိုတာ မရှိဘူး” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘူးသီးတောင် မြို့နယ်တွင်လည်း မောင်တော မြို့နယ် ကဲ့သို့ ဆွဲ၊တင်၊စစ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

“ငွေကြေးကတော့ မောင်တောမှာ ကောက်တဲ့ အတိုင်း ဒီမှာလည်း ကောက်နေပါတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို ပုဝါချွတ်ခိုင်း၊ ခြုံထည် ချွတ်ခိုင်း၊ မော်လ၀ီ တွေကို ကုရ်သာ ချွတ်ခိုင်း၊ ဦးထုပ် ချွတ်ခိုင်း၊ ပြီးတော့ မိန်းမပျို တွေကို သားပြော မယားပြော စကားပုံစံတွေနဲ့ ပြောတာတွေ၊ ကျွန်တော်တို့လည်း ဒီအစိုးရ တက်လာမှ အရင်ကထက် ပိုဆိုးတဲ့ အခြေအနေ ဖြစ်နေပါပြီ” ဟု ဆိုသည်။

အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် ဗျူဟာကြား စခန်း ဆိုင်တန်း ဆိုင်အမှတ် (၂) ရှိ ဟိန္ဒူ လူမျိုး မောင်လှ၏ ကွမ်းယာဆိုင်တွင် အမြဲထိုင်၍ လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး နှောက်ယှက်သည့် အပြင် ကိုယ်ထိ လက်ရောက် စော်ကားမှုများ မကြာခဏ ပြုလုပ်ကြောင်း သိရသည်။

“ဦးမောင်လှိုင်စိုးက အမြဲလိုလို မောင်လှရဲ့ ကွမ်းယာဆိုင်မှာ ထိုင်တယ်။ လမ်းသွားလမ်းလာ တွေကို ကိုယ်ထိ လက်ရောက် စော်ကားတယ်၊ ၁၄ ရက်နေ့ကလည်း “ငါ-ိုးမသား ဘင်္ဂလီတွေ ရိုဟင်ဂျာ လုံးဝ မဖြစ်နိုင်အောင် ဆက်ပြီ ဒုက္ခပေးမယ်” ဆိုပြီး အော်ပြောတယ်။ မောင်လှဆိုတဲ့ လူက ရိုဟင်ဂျာနဲ့ ရခိုင်တွေကို ရန်တိုက်ပေးတဲ့ အလုပ်လည်း လုပ်တယ်။ သူ့ဆီမှာ ကွမ်းဝယ်တဲ့ လူတွေဆီက စကားနှိုက်တယ်၊ ပြီးရင် တဖက်ကို နောက်တစ်မျိုး ပြောပြီး ရန်တိုက်တယ်။ သူကိုယ်တိုင်က ရိုဟင်ဂျာတွေကို နှိပ်စက်ဖို့ တွန်းအားပေးတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာတွေ ရှိတော့ ဦးမောင်လှိုင်စိုးက အဲဒီဆိုင်မှာဘဲ ရုံးခန်း ဖွင့်ထားသလို လုပ်ထားတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus