နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖွဲရာရွာတွင် ကလေးများ ကောက်ရသည့် WY ဆေးပြားများမှာ ရဲမှူးငြိမ်းချမ်းအေး ပိုင်ဖြစ်သည်ဟုဆို



RB News
31.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဖွဲရာရွာတွင် WY စိတ်ကြွ မူးယစ်ဆေးပြား ၆၀၀၀ ခန့်ကို ကလေးများ ကောက်ရပြီးနောက် ရဲမှူးငြိမ်းချမ်းအေး ပိုင်ဆေးပြားများ ဖြစ်သည်ဟု ၎င်း၏ လူယုံ ဖြစ်သူက ဒေသခံများကို ပြော၍ မဟုတ်မမှန် စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေကျပ် သိန်း ၃၀ ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ဖွဲရာရွာမှ ဆယ်ကျော်သက် ကလေး နှစ်ဦးသည် လယ်ကွင်းထဲတွင် သွားနေစဉ် အတွက် WY စိတ်ကြွ မူးယစ်ဆေးပြား ၆၀၀၀ ခန့်ကို တွေ့ရှိခဲ့ပြီး၊ ၎င်းတို့၏ သူငယ်ချင်း ဖြစ်သူ နှစ်ဦးကို ပြောပြာကာ ဆယ်ကျော်သက် ကလေး (၄) ဦးလုံးက အဆိုပါ ဆေးပြား ၆၀၀၀ ကို ကောက်ယူခဲ့သည်။ ဆေးပြားများ ကောက်ရသည့် သတင်းကို ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး၏ လူယုံ ဖြစ်သူ ဦးဖေတာမောင်က သိရှိသောအခါ ကလေးများနှင့် မိဘများကို ၎င်း၏ ရုံးသို့ ခေါ်ယူ၍ အဆိုပါ ဆေးပြားများမှာ ရဲမှူး ငြိမ်းချမ်းအေး၏ ဆေးပြားများ ဖြစ်ကြောင်း၊ ဇန်န၀ါရီလ (၁၂) ရက်နေ့ညက ၎င်းထံ လာသည့် အချိန်တွင် ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း၊ ဆေးပြား ၂ သိန်း ပျောက်ဆုံးခြင်း ဖြစ်ပြီး၊ ၆၀၀၀ မဟုတ်ကြောင်း၊ ကျန်သည့် ဆေးပြားများကိုပါ အပ်ရန် ကလေးများနှင့် မိဘများကို ပြောကြားခဲ့သည်။

ကလေးများက ၎င်းတို့ ကောက်ရသည်မှာ ၆၀၀၀ ခန့်ဟု ယူဆကြောင်း၊ ၎င်းတို့ ကောက်ရသည့် အတိုင်း အပ်နှံခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ဆေးပြားမည်မျှ ဖြစ်သည်ကို လုံးဝ မသိရှိကြောင်း ငြင်းဆန် သော်လည်း၊ ဦးဖေတာမောင်က ရဲမှူး ငြိမ်းချမ်းအေးက ၎င်းကို ဆေးပြား ၂ သိန်း ပျောက်သွားသည်ဟု ပြောထားသဖြင့်၊ ကျန်သည့် ဆေးပြား ၁၉၄၀၀၀ ၏ တန်ဖိုးကို ကောက်ရသူသည့် ကလေးများ၏ မိဘများက လျော်ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကလေးများ၏ မိဘများက ဦးဖေတာမောင်ကို အရေး မစိုက်သော်လည်း ရဲမှူး ငြိမ်းချမ်းအေး၏ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက်မှု များကို ကြောက်ရွံကြသဖြင့် ဦးဖေတာမောင် တောင်းသည့် ငွေကျပ် သိန်း ၃၀ ကို ကလေး ၄ ဦး၏ မိဘများက ပေးလျော်ရန် သဘောတူခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ရဲမှူး ငြိမ်းချမ်းအေးက အမှန်တကယ် WY ဆေးပြား ကုန်သည်လား၊ သူက ကျွန်တော်တို့ ရွာကို လာမယ်ဆိုတဲ့ အသံကြားရင်တောင် ရွာက လူတွေ အကုန် တိမ်းရှောင် သွားကြတယ်။ သူ့ရဲ့ မတရားလုပ်မှု ဒဏ်တွေကို မခံနိုင်ကြလို့ပါ။ အဲဒီတော့ သူက ဆေးပြား ကုန်သည်ဆိုရင် ရွာမှာ ဘယ်သူ့ကို လာရောင်းတာလဲ ဆိုတာ စဉ်းစား စရာ ဖြစ်နေပါတယ်။ ပြီးတော့ အမှန်တကယ် မရောင်းဘဲ ဦးဖေတာမောင်က ဒီဆေးပြား ၆၀၀၀ ကို လယ်ကွင်းမှာ ပစ်ထားပြီး အကွက်ဆင် ပြီးတော့ ရဲမှူး ငြိမ်းချမ်းအေး နာမည်နဲ့ ငွေ သိန်း ၃၀ ရှာလိုက်တာလား ဆိုတာလည်း စဉ်းစားစရာပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ရဲမှူး ငြိမ်းချမ်းအေးက တကယ် ရောင်းနေတယ် ဆိုရင်လည်း သူ့ဟာသူ ဂရုမစိုက်ဘဲ ကျခဲ့တဲ့ ဆေးပြားတွေ အတွက် ကလေးများရဲ့ မိဘတွေက ငွေကျပ် ၇ သိန်းခွဲစီ ပေးရတာက အင်မတန်ကို မတရား လုပ်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသခံတွေကလည်း ရဲမှူး ငြိမ်းချမ်းအေး ဆီသွားပြီး ဒီဆေးပြားတွေက ရဲမှူးရဲ့ ဆေးပြားတွေ ဟုတ်ပါသလားလို့ သွားမမေးရဲကြဘူး။ တကယ်လို့ သူသာ ပိုင်ရှင် အမှန်တကယ် ဆိုရင် ကျွန်တော်တို့ ပိုပြီး ဒုက္ခရောက်မယ်။ အခု ဒီကိစ္စကို တစ်ရွာလုံး သိကြပါတယ်။ ကောက်ရတာကို အပ်တာတောင် ကလေးတွေရဲ့ မိဘတွေရော၊ ရွာသားတွေရော ဦးဖေတာမောင်ရဲ့ ရုံးခန်းမှာ သွားငိုရ၊ တောင်းပန်ရနဲ့ ငွေလည်း သိန်း ၃၀ ပေးလိုက်ရတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus