နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော တောင်ပိုင်းမှ နယ်ခြားစောင့် ရဲများနှင့် သတင်းတပ်ဖွဲ့တို့ ဒေသခံများထံမှ ငွေညှစ်



MYARF
RB News
14.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် သတင်းတပ်ဖွဲ့နှင့် သင်္ဘောကွဲ ကျေးရွာရှိ နယ်ခြားစောင့် ရဲများက အပြစ်မဲ့ ဒေသခံများထံမှ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် အထူး သတင်းတပ်ဖွဲ့မှ ဒုရဲအုပ် အောင်ကျော်ဇင်နှင့် ပွဲစား ဖြစ်သူ ဈေးကုန်တန်း ရွာမှ ဇိုင်တူး (ဘ) ဦးတာဟဲရ် တို့သည် လေယာဉ်ကွင်း ရွာရှိ ဦးမာလဲခ် (ဘ) ဦးဆုလ်တာန်၏ ဆေးဆိုင်သို့ သွားရောက်၍ အကြောင်းမဲ့ ငွေတောင်းရာ ဆိုင်ရှင်ဖြစ်သူက ငွေတောင်းရာခြင်း အကြောင်းကို မေးမြန်းရာ ဒုရဲအုပ် အောင်ကျော်ဇင်က “မင်း ကုလားဖြစ်လို့ ပေးရတာ” ဟုဆိုကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ခြိမ်းခြောက်ပြီး ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများသည် ၎င်းကျေးရွာမှ အာရဗီ ကျောင်းသားများ ဖြစ်သည့် ဆုလ်တာန် (ဘ) ဦးဆာလေနှင့် ဆော်ယာဒ်အာလမ် (ဘ) ဦးရော်ဟီမူလ္လာ တို့ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ဆင့်ခေါ်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဆုလ်တာန် ထံမှ ငွေကျပ် ၄ သောင်းနှင့် ဆော်ယာဒ်အာလမ် ထံမှ ငွေကျပ် ၈ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ၎င်းရွာမှ အာရဗီ ကျောင်းသား (၄) ဦးဖြစ်သည့် ကော်ဘိရ်အာမတ် (ဘ) ဦးနူရ်အာမတ်၊ မော်ဂျိတ်အုလ္လာ (ဘ) ဦးအာဇီဇူရာမန်၊ ဇီယာဘူရာမန် (ဘ) ဦးဆိဒိတ်ခ် နှင့် ရော်ရှိတ်ဒူလ္လာ (ဘ) ဦးဘော်ဆိရ်အာမတ် တို့ကိုလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ လာရောက်ရန် ဆင့်ခေါ် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus