နောက်ဆုံးသတင်း/ဆောင်းပါးများ

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက မိသားစု နှစ်စုကို အကွက်ဆင်၍ ငွေညှစ် ခြိမ်းခြောက်



RB News
14.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးသည် အိမ်ထောင်သည် အမျိုးသား တစ်ဦးကို မုဆိုးမ တစ်ဦး၏ သမီးဖြင့် အတင်း အဓမ္မ လက်ထပ်ခိုင်းပြီး ငွေညှစ်နေသည့် အပြင် ခြိမ်းခြောက်မှုများပါ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အမှတ် (၅) ရပ်ကွက်မှ ကိုနူရ်ဟူစိန်း (အသက် ၂၇ နှစ်) သည် ၂၀၁၂ ခုနှစ်တွင် အိမ်ထောင်ကျခဲ့ပြီး၊ ၎င်းအား ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက တစ်ရပ်ကွက်တည်း နေထိုင်သူ မုဆိုးမ တစ်ဦး ဖြစ်သည့် ဒေါ်တော်ယိုဘာ၏ သမီး ဖြစ်သူ မရော်ဂျီယာကို လက်မထပ်ပါက တရားခံ အဖြစ် သတ်မှတ်၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးမောင်လှိုင်စိုးက မုဆိုးမ ဖြစ်သူ ဒေါ်တော်ယိုဘာ ထံမှ သမီးဖြစ်သူ မရော်ဂျီယာ အား လက်ထပ်ပေးရန် အတွက်ဟု ဆိုကာ ငွေကျပ် ၂၅၀၀၀ ယူခဲ့ပြီး၊ တစ်ဖန် ငွေကျပ် ၂ သိန်း ထပ်မံ၍ တောင်းခံရာ၊ မုဆိုးမ သားအမိက ဦးမောင်လှိုင်စိုး၏ အန္တရာယ်ကို ကြောက်ရွံ၍ ငွေကျပ် ၁ သိန်း ပေးခဲ့ရကြောင်း သိရသည်။ သို့သော်လည်း ဦးမောင်လှိုင်စိုးက မုဆိုးမ သားအမိကို ကျန်သည့် ငွေကျပ် ၁ သိန်းကို မပေးပါက ထောင်ချမည်ဟု ပြောဆိုလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကိုနူရ်ဟူးစိန်သည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည့် အတွက် နောက်ထပ် အိမ်ထောင် မပြုလိုသော်လည်း ဦးမောင်လှိုင်စိုး၏ ခြိမ်းခြောက်မှုကြောင့် မရော်ဂျီယာကို လက်ထပ်ယူခဲ့ရပြီး၊ ထပ်မံ၍ ခြိမ်းခြောက်မှုကြောင့် ယခုအခါ မိမိနေရပ်ကို စွန့်ခွာ၍ အခြား ရပ်ကွက်တစ်ခုတွင် ပုန်းအောင်း နေရသည်ဟု ဆိုသည်။

ဦးမောင်လှိုင်စိုးသည် မိသားစု နှစ်စုကို အကွက်ဆင်၍ ငွေကျပ် ၂၂၅၀၀၀ ညှစ်ယူခဲ့သည့် အပြင် ယခုအခါ အာဏာပိုင်များ လာရောက် ဖမ်းဆီးပါက ၎င်းနှင့် မသက်ဆိုင်ကြောင်း ပြောဆိုလျက် ရှိပြီး၊ ၎င်းသည် ယခုကဲ့သို့ ပြဿနာများ ဖန်တီး၍ ငွေညှစ်နေသည်မှာ နှစ်အတော်ကြာ နေပြီ ဖြစ်သော်လည်း အာဏာပိုင်များက အရေးယူ ဟန့်တားခြင်း မပြုလုပ်ကြောင်း၊ လမ်းသွားလမ်းလာ များကို အကြောင်းမဲ့ တုတ်ဖြင့် ရိုက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းများကို မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus