နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးကြီး သီဟန်က အပြစ်မဲ့ ဒေသခံများထံမှ ငွေ ၁၆ သိန်းကို ရွာတာဝန်ခံမှ တဆင့်ညှစ်




RB News
6.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ဖြစ်သူ ရဲမှူးကြီး သီဟန်က အပြစ်မဲ့ ဒေသခံ (၄) ဦးထံမှ ငွေကျပ် ၁၆ သိန်းကို ရွာအုပ်ချုပ်ရေး တာဝန်ခံမှ တဆင့် ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၀) ရက်နေ့မှ စ၍ မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ရဲမှူးကြီး သီဟန်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ကျွန်းပေါက်ဆင်အိုး ကျေးရွာ အုပ်စု အုပ်ချုပ်ရေး တာဝန်ခံကို အသုံးချ၍ အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဓါးပြမှုနှင့် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် (၁၆) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသည့် အပြစ်မဲ့ ဒေသခံ (၄) ဦးမှာ --

(၁) ဦးဆာလေရှား (ဘ) ဦးဖော်ဇောလ်အာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း ၅ သောင်း
(၂) ဦးဒေါလိုမာမတ် (ဘ) ဦးဆော်ယာဒ်တာရ် -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၃) ဦးနူရ်ကာမာလ် (ဘ) ဦးအလီအာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၇ သောင်း
(၄) ဦးဂျော်မိလ် (ဘ) ဦးဟူဆောင်းအာမတ် -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း ၃ သောင်း -- တို့ဖြစ်ပါသည်။

ထို့အပြင် အခြားသော အပြစ်မဲ့ ဒေသခံ ရွာသား (၄) ဦးကိုလည်း ငွေကျပ် ၅ သိန်းစီ မပေးပါက ဆွဲ၊တင်၊စစ် တွင် အိမ်ထောင်စု လူဦးရေ စာရင်းများကို ဖျက်သိမ်း၍ နိုင်ငံခြား ထွက်ပြေးများ အဖြစ် ကြေညာမည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေကျပ် ၅ သိန်းစီ ပေးရန် ခြိမ်းခြောက်ခံနေရသူ (၄) ဦးမှာ --

(၁) ဦးဆော်ယာ့ဒ် မုစ်တာဖာ (ဘ) ဦးဂူရာဆာန်
(၂) ဦးမာမတ်နူရ် (ဘ) ဦးမာဒူ
(၃) ဦးနူရ်ဟာယာဒ် (ဘ) ဦးမာမတ်ကာမာလ်
(၄) ဦးနူရ်မာမတ် (ဘ) ဦးအဒူရှကူရ် -- တို့ဖြစ်သည်။

ငွေညှစ်ခံရသူနှင့် ငွေပေးရန် ခြိမ်းခြောက်ခံနေရသူ များမှာ ဆင်းရဲနွမ်းပါးသူများ ဖြစ်ပြီး၊ ထိုကဲ့သို့ အကြောင်းမျိုးစုံ ဖန်တီး၍ အာဏာပိုင်များ၏ ဒဏ်ကို မခံနိုင်ပါက နိုင်ငံစွန့်ခွာ၍ ထွက်သွားရန် အကွက်ကျကျ စီစဉ်နေခြင်း ဖြစ်ပြီး၊ ရွာအုပ်ချုပ်ရေး တာဝန်ခံကလည်း အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲလာလျှင် ပြိုင်ဘက် ကင်းအောင် အာဏာပိုင်များ၏ မတရားမှုများကို ကူညီဖေးမ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus