နောက်ဆုံးသတင်း/ဆောင်းပါးများ

ဓါးပြများကို စစ်တပ်က ညအချိန် အပြင်ထွက်ခွင့် မရှိဟု ဆိုကာ မဖမ်းဆီးဘဲ လွှတ်ပေးခဲ့



MYARF
RB News
17.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာ အုပ်စု၊ တောင်ရွာ အတွင်းသို့ ဓါးပြများ ၀င်ရောက်ပြီး ဓါးပြတိုက်ရန် ကြိုးစားခဲ့ရာ စစ်တပ်ကို အကူအညီ တောင်းသော်လည်း ညအချိန် အပြင်ထွက်ခွင့် မရှိဟုဆိုကာ ဖမ်းဆီး မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငန်းချောင်း ကျေးရွာအုပ်စု တောင်ရွာနေ ဦးအဒူဆော်လာမ်၏ နေအိမ်ကို ဓါးပြများ ၀င်ရောက်ရန် ကြိုးစားခဲ့သည်။ လူအင်အား ၁၅ ဦးခန့် ရှိသည့် ဓါးပြများက ဦးအဒူဆော်လာမ်၏ နေအိမ်တံခါးကို ဖွင့်ပေးရန် ပြောသော်လည်း အိမ်သားများက တံခါး မဖွင့်ပေးသောကြောင့် နံရံကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ အိမ်သားများက အော်ဟစ်၍ အကူအညီ တောင်းခံမှုကြောင့် ရွာသားများ ၀ိုင်းဝန်းလာခဲ့ရာ ဓါးပြများသည် ရွာအရှေ့ဘက်ရှိ တောတောင်ထဲသို့ ထွက်ပြေး သွားခဲ့ ကြသည်။ ရွာသားများက တောတောင်ထဲထိ လိုက်လံ ရှာဖွေရာ ဓါးပြ နှစ်ဦးကို လုပ်သေနတ် တစ်လက်နှင့် ဓါးတစ်ချောင်း တို့ဖြင့် ဖမ်းဆီးရမိခဲ့သည်။

ဓါးပြများ သေနတ်ဖြင့် ပစ်ခတ်နေစဉ် ရွာသားများက ငန်းချောင်း ကျောင်း၌ ကင်းလှည့်ရန် ရောက်ရှိလာသော တပ်မတော် စစ်ကြောင်းကို အကြောင်းကြား ခဲ့သော်လည်း အထက် အရာရှိ၏ ခွင့်ပြုချက် မရရှိဘဲ ညအချိန်တွင် အပြင်ထွက်၍ မရဟု ဖြေကြား၍ ဓါးပြများကို ဖမ်းဆီးရန် မကြိုးစားဘဲ လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရွာသားများ ဖမ်းဆီးရမိသည့် ဓါးပြနှစ်ဦးကို ရွာသားများက ရိုက်နှက်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြား ခဲ့ရာ ဌာနချုပ်မှ ရဲမှူးချုပ် တင်ကိုကို အပါအ၀င် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး ဓါးပြနှစ်ဦးကို ဌာနချုပ်သို့ ခေါ်ဆောင် သွားခဲ့သည်။ ရွာသားများ၏ ရိုက်နှက်မှုကြောင့် သေလုမျောပါး ဖြစ်ခဲ့ရသည့် ဓါးပြ တစ်ဦး ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် သေဆုံး သွားခဲ့ပြီး ကျန်တစ်ဦးကို ဌာနချုပ်တွင် ချုပ်နှောင် ထားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ကျောက်ပြင်ဆိပ် ကျေးရွာတွင် လူစိမ်း တစ်ဦး တွေ့ရှိခဲ့ရာ ရွာသားများက ဖမ်းဆီးပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမူလ္လာ၏ လက်ထဲသို့ အပ်နှံခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါ လူစိမ်းကို စစ်ဆေးရာ ၎င်းက ဘူးသီးတောင်သား ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာရာ လမ်းတွင် မင်္ဂလာကြီး ကျေးရွာရှိ နယ်ခြားစောင့် ရဲများက ဖမ်းဆီးပြီး ရှိသမျှ ငွေလုယက်ခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့သည်။ သို့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးက မသင်္ကာဖြစ်၍ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှူး လက်ထဲသို့ အပ်နှံခဲ့ရာ ၎င်းက ဓါးပြဟု ထွက်ဆိုရာ ဌာနချုပ်သို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus