နောက်ဆုံးသတင်း/ဆောင်းပါးများ

ညောင်ချောင်း တာဝန်ခံ သတ်သူ စွပ်စွဲ တရားခံနှင့် အခင်းဖြစ်ပွားမှု သရုပ်ဖော် မှတ်တမ်း ဓါတ်ပုံရိုက်



MYARF
RB News
9.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ်ကို သတ်သည်ဟု စွပ်စွဲခံရသည့် တရားခံကို ညောင်ချောင်း ကျေးရွာသို့ ခေါ်ဆောင်လာပြီး အခင်းဖြစ်ပွားမှု သရုပ်ဖော် မှတ်တမ်း ဓါတ်ပုံ ရိုက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 

ဇန်န၀ါရီလ ၂၆ ရက်နေ့ နံနက် ၂း၁၅ နာရီ အချိန်တွင် မောင်တောမြို့နယ် ညောင်ချောင်း ကျေးရွာ၏ အုပ်ချုပ်ရေး တာဝန်ခံ ဦးဇော်ကိရ် (အသက် ၂၅ နှစ်) နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် (ဘ) ဦးတာန်ဒူး (အသက် ၂၃ နှစ်) တို့ကို အမည်မသိ လူနှစ်ဦးက ဓါးဖြင့်ထိုးခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေး တာဝန်ခံ ဖြစ်သူ ဦးဇော်ကိရ်နှင့် ၎င်း၏ ကိုယ်ရံတော် ဦးဇူဘိုင်ရ် တို့သည် ထိုအချိန်တွင် နယ်ခြားစောင့် ရဲများနှင့် ရွာအတွင်း ကင်းလှည့်၍ ပြန်လာနေစဉ် ဦးဇော်ကိရ်၏အိမ်နှင့် မနီးမဝေးသို့ ရောက်ရှိချိန်တွင် အမည်မသိ လူနှစ်ဦးက ၎င်းတို့နှစ်ဦးကို ဓါးဖြင့် ထိုး၍ ထွက်ပြေး သွားခဲ့ခြင်း ဖြစ်သည်။

ဦးဇော်ကိရ်ကို ဓါးဖြင့်ထိုးခဲ့သူအား ကိုယ်ရံတော် ဖြစ်သူ ဦးဇူဘိုင်ရ်က အမည် ပြောဆိုနိုင်ခဲ့ခြင်းကြောင့် ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ပဒင်းကျေးရွာသားများက ဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံခဲ့သည်။ အပ်နှံသူများကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ငွေကျပ် ၅ သိန်း ဆုချီးမြှင့်မည်ဟု ပြောဆိုခဲ့သော်လည်း ငွေကျပ် ၂ သိန်း ဆုချီးမြှင့် ခဲ့ကြောင်း သိရသည်။ တရားခံ စွပ်စွဲခံရသူ အေရှာဒူလ္လာကို ဖမ်းဆီးပြီးနောက် ထွက်ပြေး သွားသည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ 

ယနေ့ ဖေဖော်ဝါရီ (၉) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် (၃) မိုင်ရှိ စခန်းမှူး ရဲအုပ်သက်ကိုကိုနှင့် နယ်ခြားစောင့်ရဲ (၇) ဦးတို့သည် ၎င်းတို့၏ ကားဖြင့် တရားခံ စွပ်စွဲခံရသူ အေရှာဒူလ္လာ အား ညောင်ချောင်း ကျေးရွာသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် အေရှာဒူလ္လာကို ကျေးရွာ တာဝန်ခံ အသတ်ခံရသည့် နေရာသို့ ခေါ်ဆောင်လာပြီး ဓား၊ လှံများ ကိုင်ဆောင်ခိုင်း၍ သရုပ်ဖော် မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဤလူသတ်မှုနှင့် ပတ်သက်၍ ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင် နှစ်ဦးကိုလည်း ဖမ်းဆီး ထားကြောင်း သိရသည်။ ကျေးရွာသားများက ဤကဲ့သို့ ရွာထဲသို့ ခေါ်ဆောင်လာပြီး သရုပ်ဖော် ဓါတ်ပုံ မှတ်တမ်း ရိုက်ကူးခြင်းနှင့် ပတ်သက်၍ အမျိုးမျိုး ထင်မြင် ယူဆချက်များ ပေးလျက် ရှိပြီး အချို့က မီဒီယာတွင် သတင်း ဖော်ပြရန်ဟု ယူဆလျက် ရှိသော်လည်း အချို့က စိတ်ဓါတ် စစ်ဆင်ရေး တစ်ရပ် အနေဖြင့် ယခုကဲ့သို့ ပြုလုပ်ပြခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus