နောက်ဆုံးသတင်း/ဆောင်းပါးများ

အိမ်ဆောက်လုပ်ရန် ခွင့်ပြုမိန့် ရထားသော်လည်း နယ်ခြားစောင့် ရဲများက ငွေညှစ်



Rohingya Eye
RB News
14.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာမှ ဒေသခံ အချို့သည် နေအိမ်များ ဆောက်လုပ်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ ခွင့်ပြုမိန့်များ ရရှိခဲ့သော်လည်း နယ်ခြားစောင့် ရဲများက ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ (ဒါရ်ဂွာဖာရာ) မှ ဦးနူရူဟောက် (ဘ) ဦးနူရ်အာမတ် (အသက် ၂၉ နှစ်) သည် နေအိမ် ဆောက်လုပ်ရန် အတွက် ခရိုင် အုပ်ချုပ်ရေးမှူး ရုံးနှင့် သက်ဆိုင်ရာ ဌာန အသီးသီးမှ ခွင့်ပြုမိန့် ရရှိရန် ငွေကျပ် ၁၀ သိန်း အကုန်အကျ ခံ၍ ရယူခဲ့သည်။ ၎င်းသည် ဌာနဆိုင်ရာ များမှ ခွင့်ပြုချက် ရရှိပြီးနောက် အိမ်ဆောက်ရန် သစ်များ စုဆောင်းလျက် ရှိရာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၁၁ နာရီ ကျော် အချိန်တွင် အမှတ် (၆) နယ်မြေမှ နယ်ခြားစောင့်ရဲ (၁၂) ဦး ရောက်ရှိလာပြီး သစ်များကို စစ်ဆေး၍ နောက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးသို့ လာရောက်၍ ပြောဆိုပြီး ပြန်လည် ထွက်ခွာ သွားခဲ့သည်။

ဦးနူရူဟောက်သည် နယ်ခြားစောင့် ရဲများ ခေါ်သည့် အတိုင်း ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်သည့် အခါ နယ်မြေမှူးက “ငါ့ကို ဘာလို့ အကြောင်း မကြားတာလဲ၊ မင်းအိမ်ဆောက်ရင် ငါ့ကို အသိပေးရမယ်” ဟု ပြစ်တင် ပြောဆိုပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းနေ့တွင် မော်လ၀ီ ဟာဖီးဇ် အာမတ် (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၄၀ နှစ်) ၏ နေအိမ်သို့ နယ်ခြားစောင့် ရဲများ သွားရောက်ပြီး သစ်များ စုဆောင်း နေသည်ကို တွေ့ရှိသဖြင့် နယ်မြေရုံးသို့ ဆင့်ခေါ်ကာ ငွေညှစ်ခဲ့သည်။

ယခင် န.စ.က လက်ထက်တွင်လည်း သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုချက် ယူရသည့် အပြင် သက်ဆိုင်ရာ နယ်မြေ စခန်းများကို ငွေပေးမှသာ ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး၊ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ကလည်း ယခင် န.စ.က မှ ပြုလုပ်ခဲ့သည့် အတိုင်း ဆက်လက် ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus