နောက်ဆုံးသတင်း/ဆောင်းပါးများ

ဓါးပြများ၏ ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မှ ဒေသခံ လူငယ် နှစ်ဦး သေဆုံး




RB News
15.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီး ကျေးရွာ၊ ရပ်ကွက် (၁၃) အတွင်းသို့ ဓါးပြများ ၀င်ရောက်ပြီး ပစ္စည်းများ လုယက်သည့် အပြင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ လူငယ်နှစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၄) ရက်နေ့ ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စု၊ ကျီးနှုတ်သီး ကျေးရွာ၊ ရပ်ကွက် (၁၃) အတွင်းသို့ ဓါးပြ (၄၀) ဦးခန့် လက်နက်များ ကိုင်ဆောင်၍ ၀င်ရောက်လာခဲ့ပြီး၊ ဦးအဒူဂေါ်နီ၏ အိမ်သို့ ၀င်ရောက်ပြီး ရွှေ၊ ငွေများ တောင်းသည့်အခါ ဦးအဒူဂေါ်နီက မပေးသဖြင့် သေနတ်ဖြင့် ၎င်း၏ ခြေထောက်ကို ဓါးပြ တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ထို့နောက် ဦးအဒူဂေါ်နီ၏ သားဖြစ်သူ န၀မတန်း ကျောင်းသား ရာမောဒ်အုလ္လာ၏ ရင်ဘတ်တည့်တည့်ကို သေနတ်ဖြင့် ဆက်လက် ပစ်ခတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ တဖန် ဦးအဒူဂေါ်နီ၏ သားဖြစ်သူ ဘာသာရေး ပညာ ဆည်းပူးနေသည့် ဟာဖီးဇ် ကျောင်းသား အေနာမ်အုလ္လာ ကိုလည်း ဓါးပြများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေနတ် ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဓါးပြများက ဦးအဒူဂေါ်နီ၏ နေအိမ်မှ ရွှေငွေများ လုယက် ပြီးနောက် ဦးဘာဆာမျာ (ဘ) ဦးအာဘူလ်ဟူဆောင်း၏ နေအိမ်မှ ရွှေ၊ ငွေများ လုယက်ခဲ့သည်ဟု ဆိုသည်။

ဓါးပြတိုက်ခံရသည့် နေအိမ်များ အနီးတွင် တပ်ဖွဲ့ဝင် အင်အား (၂၀) ရှိသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ဓါးပြ (၄၀) ဦး ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်၍ သတ်ဖြတ် လုယက်နေသည်ကို သိလျက်နဲ့ ဒေသခံ ပြည်သူများကို ကာကွယ် ပေးခဲ့ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

ယခုကဲ့သို့ ဓါးပြများ ၀င်ရောက် လုယက် သတ်ဖြတ် ခဲ့သည်ကို နယ်ခြားစောင့် ရဲများ သိလျက်နဲ့ အကာအကွယ် မပေးခြင်း အတွက် ဒေသခံများက နယ်ခြားစောင့် ရဲများနှင့် ဓါးပြများ ပူးပေါင်း ကြံစည်ခြင်း ဖြစ်နိုင်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပေါ် အယုံအကြည် လုံးဝ မရှိဟု ဆိုသည်။ ယခင် န.စ.က လက်ထက်ကလည်း ယခုကဲ့သို့ ဓါးပြများ သောင်းကျန်းခဲ့ပြီး၊ န.စ.က တပ်ဖွဲ့ဝင် များက ကာကွယ် ပေးခဲ့ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ လုံခြုံရေး တာဝန်ယူရသည့် လက်နက်ကိုင်များက ကာကွယ် မပေးသည့် အပြင် အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ယခင် န.စ.က ပြုလုပ်သည့် အတိုင်း ပြုလုပ်မည်ကို စိုးရိမ်လျက် ရှိကြောင်း၊ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ရင်းမှ ရဲမှူးကြီးက ယခု ဓါးပြမှုကို စုံစမ်း ဖော်ထုတ်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus