နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်လှေကားမှ နယ်ခြားစောင့် ရဲများက ဒေသခံ (၃) ဦးထံမှ ငွေကျပ် ၁၁ သိန်းညှစ်




MYARF
RB News
12.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာရှိ နယ်ခြားစောင့် ရဲများသည် အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၁၁ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၄) (ယခင် အမှတ် ၆ နယ်မြေ) မှ နယ်ခြားစောင့် ရဲများသည် ကျောက်ပြင်ဆိပ် ကျေးရွာသို့ ၀င်ရောက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကော်လီမုလ္လာ၊ နယ်ခြားစောင့် ရဲများ၏ ပွဲစားများ ဖြစ်သော ဦးဆော်လီမုလ္လာ (ဘ) ဦးယာစီးန် (ခ) ဆော်ဖုရူး၊ ဦးနော်ဘီဟူစိန်း (ဘ) ဦးဆုလ်တာန် တို့နှင့် အတူ ဦးအေကေရာမ် (ဘ) မော်လ၀ီ အာဘူဆော်လာမ်၊ ဦးဘော်ဆိရ်အာမတ် (ဘ) ဦးအစ္စမိုင်လ် (ခ) ဘေးဒူ နှင့် မော်လ၀ီ ရော်ဂျူလ်အာမီးန် (ဘ) ဦးနော်ဇိရ်အာမတ် တို့၏ နေအိမ် တံခါးများကို ဖျက်ဆီး၍ အိမ်များထဲသို့ ၀င်ရောက်ပြီး ၎င်းတို့ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခဲ့သည့် အပြစ်မဲ့ ဒေသခံ (၃) ဦးကို နယ်ခြားစောင့် ရဲများ၏ ပွဲစား ဖြစ်သူ ဦးဆော်လီမုလ္လာက အင်တာနက် ပေါ်သို့ သတင်း ပို့ပေးသူများဟု စွပ်စွဲပြီး ဇန်န၀ါရီလ (၁၂) ရက်နေ့က ဒေါ်အာရ်ဖာ ထံမှ ငွေကျပ် ၁၂ သိန်း ညှစ်ယူသည့် သတင်းကိုလည်း အင်တာနက် ပေါ်သို့ ပေးပို့ခဲ့သည်ဟု နယ်ခြားစောင့် ရဲများကို တင်ပြခဲ့ကြောင်း သိရသည်။

နယ်ခြားစောင့် ရဲများက ဦးအေကေရာမ် ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူပြီး နံနက် ၉ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ပြီး၊ မော်လ၀ီ ရော်ဂျူလ်အာမီးန်ကို တနေကုန် လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ညနေပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်။ အလားတူ ဦးဘော်ဆိရ်အာမတ် ထံမှလည်း ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ မော်လ၀ီ ရော်ဂျူလ်အာမီးန်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့ ငွေကျပ် ၁၂ သိန်း ညှစ်ခံရသည့် ဒေါ်အာရ်ဖာ၏ ဆွေမျိုး ဖြစ်သောကြောင့် ငွေညှစ်ခံရသည့် အပြင် လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခြင်းကိုပါ ခံရသည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲများ၏ ပွဲစားဖြစ်သူ ဦးဆော်လီမုလ္လာသည် ယခုကဲ့သို့ မဟုတ်မမှန် သတင်းများ ပေး၍ အပြစ်မဲ့ များကို နယ်ခြားစောင့် ရဲများအား ဖမ်းဆီးခိုင်းပြီး ငွေညှစ်ခိုင်း လေ့ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ယခင် န.စ.က လက်ထက်ကလည်း န.စ.က များ၏ ပွဲစား တစ်ဦး ဖြစ်ခဲ့ပြီး အမျိုးသား သစ္စာဖောက် လောက်ကောင် တစ်ကောင် အဖြစ်ဖြင့် လုပ်ကိုင် စားသောက် နေသူ ဖြစ်သည်ဟု ဆိုသည်။ ၎င်းအား ရွာသားများက အလွန် မကျေမနပ် ဖြစ်လျက် ရှိပြီး၊ ၎င်း၏ လုပ်ရပ်များ မရပ်တန့်ပါက ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက် လာလိမ့်မည်ဟု ရွာသားများက ပြောဆို နေကြကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus