နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒေသခံ တစ်ဦးကို မတရားသဖြင့် စွပ်စွဲမှု ပြုလုပ်ပြီး သေနတ်ပစ်၍ ဖမ်းဆီးရန် ကြိုးစား



Rohingya Eye
RB News
12.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ ဒေသခံ တစ်ဦးကို နယ်ခြားစောင့် ရဲများ မတရားသဖြင့် စွပ်စွဲမှု ပြုလုပ်ပြီး သေနတ်ပစ်၍ ဖမ်းဆီးရန် ကြိုးစား ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၀) ရက်နေ့ နံနက် ၁ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ဦးရှဥ့်ကျ ကျေးရွာမှ အာခ်တာရ်ကာမာလ် (ဘ) ဦးမာမတ်ကာဆိမ်း (အသက် ၂၅ နှစ်) ကို ရေမျက်တောင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် တစ်ဦး ဦးဆောင်၍ နယ်ခြားစောင့်ရဲ (၇) ဦးက ၎င်း၏ နေအိမ်အတွင်းသို့ ၀င်ရောက်၍ ဖမ်းဆီးရန် ကြိုးစားရာ ထွက်ပြေး သွားသဖြင့် သေနတ်တစ်ချက် ပစ်၍ ဖမ်းဆီးရန် ကြိုးစားသော်လည်း ကံကောင်း ထောက်မစွာ သေနတ် ကျည်ဆံမထိဘဲ အသက်ဘေးမှ လွတ်မြောက် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

၎င်းသည် လွန်ခဲ့သည့်က လက်ထပ် ထိမ်းမြားခဲ့သူ တစ်ဦး ဖြစ်ပြီး နယ်ခြားစောင့် ရဲများက ခွင့်ပြုချက် မယူဘဲ လက်ထပ် ထိမ်းမြားခဲ့သည်ဟု မတရားသဖြင့် မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ အဖမ်းခံလိုက်လျှင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံ တစ်ဦးက “ခွင့်ပြုချက် မပါဘဲ လက်ထပ်တယ်လို့ စွပ်စွဲတာက တစ်ပိုင်းပါ။ ဒါပေမယ့် ဖမ်းတဲ့ ပုံစံက အကြမ်းဖက် သမားတစ်ယောက်ကို သေနတ်နဲ့ ပစ်ပြီး ဖမ်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ စွပ်စွဲခံရတဲ့သူက ဥပဒေ ချိုးဖောက်ထားတာလည်း မရှိဘူး၊ ဒီလို လက်နက်နဲ့ ရမ်းကားနေရင် ရွာသားတွေ အုံကြွလာမယ်။ အခုလို လက်နက်နဲ့ အာဏာပြတာက ရွာသားတွေကို နှိပ်ကွပ်ဖို့ ကြိုတင် ပြင်ဆင်တာလည်း ဖြစ်နိုင်တယ်” ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus