နောက်ဆုံးသတင်း/ဆောင်းပါးများ

လူငယ်တစ်ဦး ပျောက်ဆုံးမှုကို အကြောင်းပြု၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး ငွေညှစ်



Rohingya Eye
RB News
25.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပြင် ကျေးရွာ အုပ်စုတွင် လူငယ်တစ်ဦး ပျောက်ဆုံးမှုကို အကြောင်းပြ၍ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီးခြင်း ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပြင် ကျေးရွာအုပ်စု၊ ဒေါလော်ဒ်ဖူရ်ရွာမှ ရှော်ကော်ဒ်အလီ (ဘ) ဦးအော်လီဆောန် (အသက် ၂၈ နှစ်) သည် ရွာတွင် အရက်သောက်စား မူးယစ် ရမ်းကား နေသဖြင့် မိဘများက ထိန်းမနိုင် သိမ်းမရ ဖြစ်ခဲ့ရပြီး နောက်ဆုံးတွင် မိဘများက ၎င်းသူကို လွန်ခဲ့သည့် ဒီဇင်ဘာလတွင် အိမ်၌ ကြိုးဖြင့် ချုပ်နှောင် ထားခဲ့သည်။ ၎င်းကို ချုပ်နှောင် ထားစဉ်အတွင်း ထွက်ပြေးသွားခဲ့ရာ ရွာသို့ ပြန်လည် ရောက်ရှိလာခြင်း မရှိသည်ကို အကြောင်းပြကာ ရွာသားများကို ၎င်းအား သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးအထွန်းချေနှင့် တောင်ပြိုလက်ယာ အခြေစိုက် နယ်မြေ (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ပူးပေါင်း၍ ရွာသားများကို ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ငွေညှစ်ခြင်းများ အဆက်မပြတ် လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

မတ်လ (၁၇) ရက်နေ့တွင် အာဘူတာဟဲရ် (ဘ) ဦးမာမတ်ဆော်ယောဒ် (အသက် ၁၈ နှစ်) နှင့် ဇာဖော်ရ်အုလ္လာ (ဘ) ဦးဆော်တာလောမ် (အသက် ၁၈ နှစ်) တို့ကို အထက်ပါ အကြောင်းပြချက်ဖြင့် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည့် အပြင်၊ မတ်လ (၁၈) ရက်နေ့ ည ၆ နာရီ အချိန်တွင် ဦးဆွေယောဒ် (ဘ) ဦးရော်ဇော်အလီ (အသက် ၄၂ နှစ်) ကိုလည်း ရက်စက်စွာ ရိုက်နှက်၍ ဖမ်းဆီးခဲ့သည်။ 

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စ၍ မတ်လ အထိ အထက်ပါ စွပ်စွဲမှုဖြင့် ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆွေယာဒူအစ္စလာမ် (ဘ) ဦးမာမတ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၂) ဦးရောဇာခ်အလီ (အသက် ၇၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၃) ဦးအိဒီရီစ် (ဘ) ဦးဟာဆောင်း (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) မော်လ၀ီ မာမတ်ဟူဆောင်း (အသက် ၇၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၅) ဦးဟာဆောင်း (အသက် ၇၂ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း နှင့်
(၆) အာဇီဇူလ္လာ (ဘ) ဦးဆွေတာလာမ် (အသက် ၁၇ နှစ်)၊ ဦးမိုဟာမတ် တာဟဲရ် (ဘ) ဦးအာမတ်ကော်ဘိရ် (အသက် ၂၃ နှစ်) နှင့် ဆော်ယာဒ်ဟူစိန်း (ဘ) ဦးဂူရာမျာ (အသက် ၂၄ နှစ်) တို့ သုံးဦး ထံမှ ငွေကျပ် ၁၀ သိန်း အသီသီးကို နယ်ခြားစောင့် ရဲများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ တို့က ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ၏ ဖခင်ဖြစ်သူ ဦးကျော်ခိုင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဇ်ဘဇား ခရိုင်၊ နတ်ခေါင်ဆီရီးမြို့ ဇာတိဖြစ်ပြီး၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ်တွင် ကွမ်းသီးပြင် ကျေးရွာသို့ ခိုးဝင် ပြောင်းရွှေ့နေထိုင်လာခြင်း ဖြစ်ပြီး၊ ယင်းအချိန်က ရှော်ကောဒ်အလီ၏ ဖခင် ဦးအော်လီဆောန်သည် အဆိုပါ ရွာ၏ ဥက္ကဌ တာဝန် ယူသည့် ကာလဖြစ်သည်။ 

ယခုကဲ့သို့ အပြစ်မဲ့များကို ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းနှင့် ပတ်သက်၍ ရွာသား တစ်ဦးက “ရှော်ကော်ဒ်အလီ သေဆုံးတာ မဟုတ်ဘူး။ ပျောက်ဆုံး နေတာသာ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာကို တမင် ရွာသားတွေကို လုပ်ကြံပြီး ဖမ်းဆီး၊ ငွေညှစ်နေတာပါ။ အဲလိုလည်း မဟုတ်ဘူးဆိုရင် အုပ်ချုပ်ရေးမှူးနဲ့ ဦးအာလီဆောန်တို့ အရင်ကတည်း ရင်းနှီးမှု ရှိတော့ ရှော်ကော်ဒ်အလီကို တစ်နေရာရာမှ ထားပြီး ရွာသားတွေဆီက ငွေညှစ်နေတာလည်း ဖြစ်နိုင်တယ်။ အဲလို ငွေညှစ်မှုတွေကြောင့် ငွေကြေး မတတ်နိုင်သူတွေက အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ ရောင်းချပြီး ပေးနေရတယ်။ ဒီလို ဆက်လုပ်နေမယ် ဆိုရင် ရွာက လူတွေ ထွက်ပြေးရဖို့ပဲ ရှိတယ်” ဟု စိုးရိမ်ကြီးစွာဖြင့် ပြောပါသည်။

Comment ရေးရန်

Rohingya Exodus