နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လ.၀.က တို့က ဒေသခံများကို နိုင်ငံသား လျှောက်ရန် ပြောကြား




MYARF
RB News
28.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး နှင့် မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်တို့က မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရနှင့် အလယ်သံကျော် ကျေးရွာများရှိ ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ နိုင်ငံသား လျှောက်ထားရန် ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူး နှင့်  မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင် တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာသို့ သွားရောက်၍ ဂေါ်ဒူသာရနှင့် အနီးအနား ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေး ဆရာများ (မော်လ၀ီ) ကို ဂေါ်ဒူသာရ ကျောင်းသို့ ခေါ်ယူ၍ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒုကွပ်ကဲရေးမှူးက “ကျေးရွာသားများ အနေဖြင့် ဥပဒေကို လေးစားလိုက်နာရန်၊ ကျေးရွာရှိ လူဆိုးလူမိုက်များကို ဖမ်းဆီးပြီး အာဏာပိုင်များ လက်ထဲသို့ အပ်နှံရန်၊ လူဆိုးလူမိုက်များ ဖမ်းဆီး မအပ်နှံနိုင်ပါက အာဏာပိုင်များအား အချိန်မှီ သတင်းပို့ပြီး အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မတ်လ (၃၁) ရက်နေ့မှ စ၍ သိမ်းဆည်းသွားမည့် ယာယီကဒ်ပြားများကို မဖြစ်မနေ အပ်နှံရန်၊ ထို့နောက် နိုင်ငံသား အတွက် မဖြစ်မနေ လျှောက်ထားရန် စသည်တို့ ပြောကြားခဲ့သည်။ ထို့အပြင် ဒုကွပ်ကဲရေးမှူးက ရွာသားများနှင့် အစိုးရသည် လင်မယားကဲ့သို့ ဖြစ်နေောကာင်း၊ လင်နှင့်မယား နံနက်ချိန်တွင် စကားများ ရန်ဖြစ်လျှင်လည်း ညနေ ပြန်ပေါင်းရကြောင်း၊ ရွာသားများနှင့် အစိုးရသည် တစ်ချိန်တွင် မပြေလည်သော်လည်း နောင်တစ်ချိန်တွင် လင်မယားကဲ့သို့ ပူးပေါင်းရမည်ဟု ပြောကြားခဲ့သည်။

မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်က ယာယီ ကဒ်ပြားများကို မဖြစ်မနေ အပ်နှံရမည် ဖြစ်ကြောင်း၊ ယာယီကဒ်ပြားများ အပ်နှံပြီးသည်နှင့် နိုင်ငံသားအတွက် မဖြစ်မနေ လျှောက်ထားရမည် ဖြစ်ကြောင်း၊ လျှောက်ထားသူများကို စီစစ်ပြီး နိုင်ငံသားကဒ်၊ နိုင်ငံသားပြုကဒ်၊ ဧည့်နိုင်ငံသားကဒ် ဟူ၍ ရသင့်ရထိုက်သည့် ကဒ်များကို ထုတ်ပေးမည် ဖြစ်ကြောင်း၊ လူမျိုးအမည်ကို နိုင်ငံတော်မှ သတ်မှတ်ပေးထားသော ဘင်္ဂလီဟုသာ ရေးသားသွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် နေ့လည်ပိုင်းတွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူး နှင့် မောင်တောခရိုင် လ.၀.က ဦးစီးမှူး ဦးစောနိုင်တို့သည် အလယ်သံကျော် ကျေးရွာသို့ သွားရောက်၍ အလယ်သံကျော်နှင့် အနီးအနား ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ဆရာများ (မော်လ၀ီများ) ကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ယူ၍ ဂေါ်ဒူသာရတွင် ပြောကြားခဲ့သည့် အတိုင်း ပြောကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus