နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုရဲအုပ် မျိုးမြင့်သန်းနှင့် ကျော်ဇေယျဦးတို့ ပူးပေါင်း၍ ဒေသခံများကို ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်



RB News
12.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စုမှ ကျော်ဇေယျဦးနှင့် မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကင်းစခန်မှူး ဒုရဲအုပ် မျိုးမြင့်သန်းတို့ ပူးပေါင်း၍ ညစဉ် ညတိုင်း ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းများ အပြင် အခြားသော ညှဉ်းပန်း နှိပ်စက်မှု မျိုးစုံ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စုမှ ကျော်ဇေယျဦးနှင့် မောင်တူလာကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူး ဒုရဲအုပ် မျိုးမြင့်သန်းတို့သည် ညစဉ်ညတိုင်းတွင် ပုဒ်မ ၁၄၄ အချိန်ကာလအတွင်း အထက်လူကြီးများ၏ ညွန်ကြားချက် မပါဘဲ ဒေသခံများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အကြောင်း အမျိုးမျိုးပြကာ ငွေညှစ်ခြင်း၊ အမျိုးသမီးများအား ကာအိနြေ္ဒပျက်ပြားသည့်အထိ စော်ကား ပြောဆို ဆက်ဆံခြင်း၊ အခွင့်သာလျှင် မုဒိန်းကျင့်ခြင်း၊ အမျိုးသားများအား ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

လွန်ခဲ့သည့်လက ကျော်ဇေယျဦးက ရွာသားအချို့ထံမှ အိမ်ပြုပြင်သည်ဟု စွပ်စွဲ၍ ငွေညှစ်ခဲ့သည့် သတင်းကို RB News တွင်ဖော်ပြပြီးနောက် ၎င်းအား နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူးမှ ခေါ်ယူ စစ်ဆေးခဲ့သည်။ သို့သော်လည်း ငွေညှစ်ခံရသူများကို ငွေမပေးခဲ့ကြောင်း ထွက်ဆိုရန် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်မှ ခြိမ်းခြောက်ခဲ့သည့် အတွက် ငွေညှစ်ခံရသူများမှ သက်သေ မထွက်ဆိုခဲ့သဖြင့် ၎င်းအား အရေးယူခြင်း မရှိခဲ့ကြောင်း သိရသည်။ အရေးယူ မခံရသည့် အတွက် ၎င်း၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်မှု ပိုမိုတိုးပွားလာသည်ဟု ဒေသခံများက ဆိုသည်။ မောင်တူလာ ကျေးရွာ အခြေစိုက် ချိန်ခါလီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှူး ဒုရဲအုပ် မျိုးမြင့်သန်းသည် ထိုစခန်းတစ်ခုတည်းတွင် တာဝန်ထမ်းဆောင် နေသည်မှာ ခြောက်လကျော် ရှိနေပြီ ဖြစ်ပြီး၊ ၎င်းကြောင့် ကျော်ဇေယျဦးမှ ယခုကဲ့သို့ ရမ်းကားနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့ ညအချိန်တွင် အလယ်သံကျော် ကျေးရွာ အုပ်စု၊ မောင်တူလာ ကျေးရွာမှ ဦးမာမတ်တော်ယုဖ် (ဘ) ဦးဇော်ကော်ရီယာကို တရားမ၀င် လက်ထပ် ပေါင်းသင်းနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ နေအိမ်အတွင်းသို့ ၀င်ရောက်၍ လူမဆန်စွာ ရိုက်နှက်ပြီး ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၁၂ နာရီ အချိန်တွင် အဆိုပါရွာမှ ဦးမာဂျူ (ဘ) ဦးဇော်ကော်ရီယာ၏ နေအိမ်ကို ၀င်ရောက်စီးနင်းပြီး ဘင်္ဂလား ဖုန်းသုံးစွဲနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့သည်။

ယင်းနေ့တွင် ည ၉ နာရီ အချိန်ကလည်း အဆိုပါရွာမှ ဦးအဘူဘကော်ရ်ဆီဒိခ် (ဘ) ဦးအရှော်ရော်ဖ်မျာ၏ နေအိမ်ကို ၀င်ရောက် စီးနင်းပြီး ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့သည်။

ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် မောင်တူလာရွာမှ ဦးရှော်ဖီအုလ္လာ (ဘ) ဦးအူမောရ်ဟာကိမ်းကို တိုင်စာရောက်နေသည်ဟု ပြောဆိုပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် မော်လ၀ီ အုစ်မာန် (ဘ) ဦးအာမတ်ရှော်ရိဖ် ကိုလည်း ဘင်္ဂလားဖုန်း သုံးစွဲနေသည်ဟု စွပ်စွဲ၍ ငွေကျပ် ခြောက်သိန်း ညှစ်ယူခဲ့သည်။

မတ်လ (၄) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တူလာရွာမှ ဦးဇူဘိုက်ရ် (ဘ) ဦးအာဆော်ဒူလာကို ဖမ်းဆီးပြီး ဦးဆော်လိမ် (ဘ) ဦးတာကေရ် အိမ်သို့ ခေါ်ဆောင်သွားပြီး ကြိုးဖြင့် ချည်ထားခဲ့သည်။ ဖမ်းဆီးခံရသူမှာ ဆင်းရဲသား တစ်ဦး ဖြစ်ပြီး၊ ထင်းအတွက်ဟုဆိုကာ မိမိ၏ ခြံအတွင်းမှ အပင်တစ်ပင် ခုတ်ထားသည်ကို ကျော်ဇေယျဦးမှ ငွေညှစ်သည့် အခါ မပေးသဖြင့် ဖမ်းဆီး၍ ရိုက်နှက်ခြင်း ဖြစ်သည်။ ထို့အပြင် ဒုရဲအုပ် မျိုးမြင့်သန်း၏ လူမဆန်စွာ ရိုက်နှက်သည်ကို မခံနိုင်သဖြင့် ဇနီးဖြစ်သူက ငွေကျပ် နှစ်သိန်းကို ရပ်ရွာထဲမှ ချေးယူ၍ ပေးသည့်အခါမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မတ်လ (၇) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ဒုရဲအုပ် မျိုးမြင့်သန်း၊ ကျော်ဇေယျဦး အပါအ၀င် နယ်ခြားစောင့်ရဲ ငါးဦး တို့သည် ဈေးကုန်တန်းရွာရှိ ဦးအဒူရော်ရှိတ် (ဘ) ဦးဟာတီ၏ နေအိမ်သို့ ၀င်ရောက်၍ ဘင်္ဂလားဖုန်း ရှာသည်ဟု ဆိုကာ ဦးအဒူရော်ရှိတ်၏ အသက် (၂၇) နှစ်အရွယ် သမီးဖြစ်သူ မ …… ကို အိမ်အပြင်ဘက်ရှိ အမှောင်ထဲသို့ အတင်းအဓမ္မ ခေါ်ဆောင် သွားခဲ့သည်။ ထိုအချိန်တွင် နယ်ခြားစောင့် ရဲများက မိသားစုဝင်များကို သေနတ်ဖြင့် ထောက်ထားခဲ့ပြီး၊ နှစ်နာရီကြာမှ ဒုရဲအုပ် မျိုးမြင့်သန်းနှင့် ကျော်ဇေယျဦးတို့က ဦးအဒူရော်ရှိတ်၏ သမီးကို ပြန်လည် ခေါ်လာခဲ့သည်။ ဒုရဲအုပ် မျိုးမြင့်သန်းနှင့် ကျော်ဇေယျဦးတို့က အဆိုပါ အမျိုးသမီးကို မုဒိန်းကျင့် ခဲ့သော်လည်း မိသားစု၏ ဂုဏ်သိက္ခာကြောင့် ထုတ်ဖော် ပြောခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ဒုရဲအုပ် မျိုးမြင့်သန်းနှင့် ကျော်ဇေယျဦးတို့က လူမဆန်စွာ ပြုမှုခဲ့သည့် အပြင် ဦးအဒူရော်ရှိတ်ထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။

မတ်လ (၁၁) ရက်နေ့ ည ၁၁ နာရီကျော် အချိန်တွင် စက်လှေ ပဲ့ထိန်း ဦးအဒူရှုကူရ်ကို စက်လှေစက်နိုးသည်ဟု ဆိုကာ လူမဆန်စွာ ရိုက်နှက်၍ မေးမြန်းရာ ၎င်းက အမြဲလိုလို ဤအချိန်တွင် စက်လှေထွက်နေကျ ဖြစ်၍ နိုးခြင်း ဖြစ်သည်ဟု ပြောဆိုသော်လည်း ထပ်မံရိုက်၍ ငွေအစား ကြက်ဖနှစ်ကောင် ညှစ်ယူခဲ့သည်။

Comment ရေးရန်

Rohingya Exodus